အကူအညီနှင့် ငွေကြေး အထောက်အပံ့များ လျော့ပါးလာခြင်းအပေါ် မွန်တိုင်းရင်းသား ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင် နေရသူ(IDP) ဒုက္ခသည်များက စိုးရိမ်ပူပန်လျက် ရှိကြောင်း သိရသည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (Human Rights Foundation of Monland)၊ ဘားမားလင့်ခ်(Burma Link)နှင့် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့(Burma Partnership) တို့မှပြုစုထားသည့် “လူမသိ သူမသိ ဘဝများ – မြန်မာနိုင်ငံ မှ လူမသိသေးသော နေရပ်စွန့်ခွှာ တိမ်းရှောင်ရမှု သံသရာ” အမည်ရှိ အစီရင်ခံစာထုတ်ပြန်ပွဲကို သြဂုတ် ၁၂ ရက်က ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill Hotel တွင်ပြုလုပ်ခဲ့ရာ အစီရင်ခံစာပြုစုသူများက အထက်ပါအတိုင်း ပြောဆို လိုက် ခြင်းဖြစ်သည်။
“တကယ်လို့ ကျနော်တို့ အထောက်အပံ့ မရရင် အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ မစဉ်းစားရဲဘူး”ဟု IDP စခန်း တခု ဖြစ် သည့် ဗလယ်ဒွန်းဖိုက် စခန်းတွင် ၂၈ နှစ်ကြာနေထိုင်သူ ဒုက္ခသည် အမျိုးသားတဦး၏ ပြောကြားချက်ကိုလည်း ယင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။
IDP စခန်းများတွင် နေထိုင်နေကြသူများသည် တနှစ်ထက်တနှစ် ထောက်ပံ့မှုလျော့သည့်အတွက် စားနပ်ရိက္ခာမရေရာမှု နှင့် ကျန်းမာရေး ဝန်ဆောင်မှုများ မရရှိနိုင်တော့မည်ကို အဓိက စိုးရိမ် ပူပန်လျက် ရှိကြောင်း၊ IDP စခန်း ၆ ခုခန့် ရှိကြောင်း သိရသည်။
၂၀၁၁ ခုနှစ် မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီးနောက်ပိုင်း၌ လည်းကောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အနိုင်ရပြီးနောက်ပိုင်း၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည်များ နေရပ်ပြန်ရေး မကြာခင် စတင်လိမ့်မည်ဟူသော ကောလာဟလများ တောက် လျှောက် ထွက်ပေါ်နေခြင်းကလည်း ကူညီထောက်ပံ့မှု လျော့ပါးသွားရခြင်း အကြောင်းရင်းတခု ဖြစ်သည်ဟု အစီရင်ခံစာ တွင် ပါရှိသည်။
ထို့အပြင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းသည် ကုလသမဂ္ဂ၏ လူသားချင်း စာနာမှု ဆောင်ရွက်ချက် အစီအစဉ်တွင် မပါဝင် တော့သဖြင့် အကူအညီပေးသည့် အဖွဲ့အစည်းများနှင့် အလှူရှင်အဖွဲ့များက ဦးစားပေး လုပ်ငန်းများကို တခြားနေရာများ သို့ ရွှေ့သွားခဲ့ကြသည်ဟု ဆိုသည်။
နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်း အဖွဲ့ (TBC) သည် မွန် IDP များအား ဆက်လက် ထောက်ပံ့ပေးသော်လည်း TBC ၏ မူဝါဒမှာ “ကိုယ့်အားကိုယ်ကိုးရေးကို အားပေးရန် ထောက်ပံ့မှုများ တဖြည်းဖြည်းလျှော့ချရေး” ဖြစ်ကြောင်း၊ နီပွန် ဖောင် ဒေးရှင်းကလည်း မွန် IDP များအား နှစ်နှင့်ချီ၍ ကူညီပေးသော်လည်း မည်သည့်အချိန်တွင် ရပ်တန့်သွားမည်ကို မသိ ကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ လုပ်ငန်း အစီအစဉ် ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။
နိုင်အဲမွန်က “အထောက်အပံ့တွေက လုုံးဝပြတ်သွားသလားဆိုတော့ မဟုတ်သေးဘူး။ တည်းတည်းလေး ကျန်ခဲ့တယ်။ နီပွန် ဖောင်ဒေးရှင်းတို့၊ IRC တို့၊ ARC တို့ ဆိုတာ ကျန်နေပါသေးတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ကျန်ခဲ့တဲ့ ပရောဂျက် တွေ ကျန်ကောင်း ကျန်ပါသေးတယ်။ ဒါပြတ်သွားလို့ရှိရင် နောက်ဆက်လာမလာ ဆိုတဲ့ကိစ္စကိုတော့ ဘယ်လိုမှပြောလို့ မရပါဘူး”ဟု လက်ရှိ အခြေအနေကို ပြောပြသည်။
ဆက်လက်၍ ၎င်းက မည်သည့်နိုင်ငံ၏ အသွင်ကူးပြောင်းရေး ကာလတွင်မဆို ပဋိပက္ခများတွင် ကြားခံမြေဇာပင်အဖြစ် ပါဝင် ခံစားခဲ့ရသည့်လူထုကို ပြီးပြည့်စုံသည့် အသွင်ကူးပြောင်းမှုကြီး မဖြစ်သရွေ့ လူသားချင်း စာနာသည့် အကူအညီများ ဆက်လက် တည်ရှိနေသည်ကို တွေ့ရမည် ဖြစ်သောကြောင့် မွန် IDP များကိုလည်း ဆက်လက် အကူအညီပေးရန် တိုက်တွန်း ပြောဆိုသည်။
မြန်မာနိုင်ငံ စတင်ပွင့်လင်းချိန် ၂၀၁၁ ခုနှစ်မတိုင်မီက နိုင်ငံတကာ အကူအညီများကို အဓိကအားဖြင့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း(EAO) ဆက်စပ်ဖြန့်ဝေမှုဖြင့်လည်းကောင်း၊ နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုများ ပြုလုပ် သော တခြား လွတ်လပ်သည့် တိုင်းရင်းသား(CSO) ျားမှတဆင့် လည်းကောင်း ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
လတ်တလောတွင် မွန်ပြည်နယ်၌ IDP ၃၅,၀၀၀ ခန့်ရှိပြီး မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ဒေသများဖြစ်သော ပြည် နယ်အရှေ့ဘက် ထိုင်း နယ်စပ်တလျှောက်တွင် အဓိကနေထိုင်ကြကြောင်း၊ မွန် IDP အခြေစိုက်စခန်းများကို လွန်ခဲ့သော နှစ် ၂၀ ကျော်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း IDP များသည် တိုက်ပွဲများနှင့် မြေသိမ်းယာသိမ်းများ ကြောင့် တိမ်းရှောင် ခဲ့ရသူများ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။