အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်များအဖွဲ့ (Fauna & Flora International – FFI) မှ တနင်္သာရီ တိုင်းဒေသကြီး အတွင်း ကျားထိန်းသိမ်းရေး စီမံကိန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျားအကောင်ရေ ပြန်လည် တိုးပွားလာစေရေးနှင့် ဂေဟစနစ် ဟန်ချက်ညီစေရန် တနင်္သာရီ ဒေသ ကျားထိန်းသိမ်းရေး စီမံကိန်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း FFI ၏ တနင်္သာရီဒေသ၊ ညှိနှိုင်းရေးမှူး ဦးနေမျိုးရွှေက ပြောသည်။
ကျားသည် ရှားပါးစာရင်းဝင်လာပြီး ဖြစ်သော တောရိုင်းတိရစ္ဆာန် ဖြစ်ပြီး မြန်မာနိုင်ငံတောင်ဘက်ပိုင်း တနင်္သာရီဒေသရှိ သစ်တောများသည် ကျားများအတွက် နောက်ဆုံး မှီခိုနေထိုင်ရာနေရာ ဖြစ်သော်လည်း ယင်းတို့ ဆက်လက်အသက်ရှင် နေထိုင်ရေးအတွက် ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဦးနေမျိုးရွှေက “ကျားတွေ ဆက်လက်ရှင်သန်ဖို့ အဓိက ခြိမ်းခြောက်မှုတွေက တရားမဝင် အမဲပစ်တာတွေ၊ တရားမဝင် တောရိုင်းတိရစ္ဆာန်တွေကိုု ကူးသန်းရောင်းဝယ်မှုတွေနဲ့ မှီခိုတောတွေပျက်ဆီးမှုကြောင့် သားကောင်တွေရဲ့ စားကျက်နေရာ ပျောက်ဆုံးတာတွေကြောင့် ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
တနင်္သာရီဒေသ ကျားထိန်းသိမ်းရေးစီမံကိန်းကို ၂၀၁၆ မတ်လမှ စတင်လုပ်ဆောင်နေကာ၂၀၁၈ မတ်လအထိ ၃ နှစ် တာ စီမံကိန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များအနေဖြင့် ကျားနှင့်ကျားအစားခံ သတ္တဝါများအား စောင့်ကြည့်လေ့လာခြင်း၊ ဒေသခံများဖြင့် ကင်းလှည့်ထိန်းသိမ်းခြင်း၊ ဥပဒေကျင့်သုံးမှုအား တိုးတက်စေခြင်း၊ ကျေးရွာသစ် တောစီမံခန့်ခွဲမှု၊ သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းစမ်းသပ်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြေပြင်အဆင့်ရှိ ဆက်စပ်ဌာနအားလုံးကို ဆောင်ရွက်မည့်အခြေအနေများ ကြိုတင်ရှင်းလင်းတင်ပြခြင်း၊ ကျေးရွာအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် ကျားရှိမည့်နေရာများကို သိရှိနိုင်ရန် အလိုအလျောက် ဓာတ်ပုံရိုက် ပေးသည့် ကင်မရာများ လိုက်လံတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးနေမျိုးရွှေက ပြောသည်။
ဆက်လက်၍ ၎င်းက တနင်္သာရီဒေသ ကျားထိန်းသိမ်းရေး စီမံကိန်းအတွက် ဂျာမန်ဖွံ့ဖြိုးတိုးတက်မှုဘဏ် (Geman Development Bank) က အဓိက ရန်ပုံငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ (International Union for Conservation of Nature – IUCN) က နည်းပညာပိုုင်းဆိုင်ရာ ထောက်ပံ့ပေးသွားမည် ဟု ဆိုသည်။
ကမ္ဘာပေါ်တွင် ကျားမျိုးစိတ် ၈ မျိုးရှိပြီး ၃ မျိုးမှာ မျိုးသုဉ်း ပျောက်ကွယ်ခဲ့ပြီးဖြစ်ကြောင်း၊ ၁၉၁၃ ခုနှစ်က ကမ္ဘာပေါ်တွင် ကျားအကောင်ရေ ၁၀၀,၀၀၀ ခန့်ရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ်စာရင်းအရ ၃,၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း Global Tiger Initiative (GTI) ၏ မှတ်တမ်းများအရ သိရသည်။
မြန်မာနိုင်ငံအတွင်း ကွင်းဆင်း ဆောင်ရွက်နေသူများ၏ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် ကျားအကောင်ရေ ၈၅ ကောင် ခန့်ရှိသည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံတွင် ဘင်္ဂလားကျားနှင့် အင်ဒိုချိုင်းနားကျား ဟူ၍ အမျိုးအစား ၂ မျိုးရှိကာ တနင်္သာရီဒေသတွင် ကျင်လည်ကျက်စားနေသောကျားမျိုးမှာ အင်ဒိုချိုင်းနားကျား အမျိုးအစားဖြစ်ကြောင်း သိရသည်။