ထိုင်းနိုင်ငံ၌ ဗုံးဆက်တိုက်ပေါက်ကွဲမှုများ ဖြစ်ပွားနေခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် ရိုက်ခက်မှုရှိလာ မည်ကို အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများက စိုးရိမ်မကင်းဖြစ်နေကြကြောင်း သိရသည်။
ယမန်နေ့ညနှင့် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံအတွင်းရှိ နေရာ ၅ နေရာ၌ ဗုံး ၉ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ ၄ဦး သေဆုံးကာ လူအများအပြား ဒဏ်ရာရခဲ့ခြင်းကြောင့် ထိုင်းရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် ရိုက်ခတ်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖောင်ဒေးရှင် (FED) အဖွဲ့၏ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦး က “တရားခံတွေကလည်း မမိသေးဘူး။ နောက်ထပ်မပေါက်သေးတဲ့ ဗုံးတွေလည်းရှိနေတယ်လို့ဆိုတော့ လုံခြုံရေးအရ စစ်ဆေးတဲ့အခါ အလုပ်သမားတွေ ကို တင်းကြပ်တဲ့ စစ်ဆေးမှုတွေလုပ်မှာ စိုးရိမ်ရတယ်။ လူထုဆန္ဒခံယူပွဲနဲ့ ပန်ရောင်ကဒ်လုပ်တုန်းက အလုပ်သမားတွေကို ည သန်းခေါင် ဝင်စစ်တာတွေရှိတယ်။ ဒီလိုအခြေ အနေမျိုးမှာ ပိုပြီးတော့ အစစ်ခံရနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖန်င၊ ဖူးခက်၊ ဆူရတ်ဌာနီ၊ တရန်းနှင့် ပချွတ်ခီရီခန် စသည့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများသည် ထိုင်းအစိုးရ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အပြီး ၃ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် ထိုင်းဘုရင်မကြီး၏ မွေးနေ့ နှင့်လည်း တိုက်ဆိုင်နေသည်။
ဗုံးပေါက်ကွဲရာနေရာများသည် နိုင်ငံခြားသား ခရီးသွားများ သွားရောက်သည့် နေရာများနှင့် လူစည်ကားရာနေရာများ ပါဝင်နေရာ ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ဆက်နွယ်မှုရှိနိုင်ကြောင်း နိုင်ငံရေး သုံးသပ်လေ့လာသူ များက သုံးသပ်ပြောဆိုမှုများ ကိုလည်းရှိသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်း က “အလုပ်သမားတွေအနေနဲ့ သတိထားပြီးတော့ သွားလာဖို့ ပြောချင်တယ်။ ကျနော်တို့ရုံးကလူတချို့တောင် ကိုယ့်မိသားစုနဲ့ကိုယ် ဘုရားကျောင်းသွားတာ ဒီမနက် အခြေအနေတွေ မတည်ငြိမ်တာကြောင့် အိမ်ကို မြန်မြန်ပြန်လာဖို့ သတိ ပေးရတယ်။ ဗုံးပေါက်တာ သူတို့နိုင်ငံထဲမှာဖြစ်ပေမယ့် ဒီတိုင်းပြည်က မဟုတ်တဲ့ ကျနော်တို့ နိုင်ငံသား အလုပ်သမား တွေ အတွက်တော့ သတိထားစရာပေါ့” ဟုဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝင်းမောင်ကမူ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နေရာများသည် မြန်မာရွှေ့ပြောင်း အလုပ် သမားများအများစု နေထိုင်ရာမဟုတ်၍ စိုးရိမ်စရာမရှိ၊ သတိပေးထုတ်ပြန်ချက်များကို ရွှေ့ပြောင်းလုပ်သားများ စိုးရိမ် ထိတ်လန့်မှု ဖြစ်ပွားသွားမည် စိုးရိမ်သဖြင့် ထုတ်ပြန်သွားရန် အစီအစဉ်မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးဝင်းမောင် က “စိုးရိမ်စရာမရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အခုပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာတွေမှာ မြန်မာနိုင်ငံသား နည်းပါတယ်။ ဒါကြောင့် စစ်ဆေးမှုတွေလုပ်လာတဲ့ အချိန်မှာလည်း တစုံတရာ ရိုက်ခက်မှုမရှိနိုင်ပါဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံ၏ နေရာအနှံအပြားက အလုပ်မျိုးစုံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ကိုင်နေကြပြီး ဗုံးပေါက်ကွဲမှုသည် လူစည်ကားရာနေရာများတွင်လည်း တွေ့မြင်နေရသဖြင့် မြန်မာ အလုပ်သမားတွေအနေဖြင့် သတိနှင့် သွားလာကြရန် လိုအပ် သကဲ့သို့ စစ်ဆေးမှုများ အရှိန်မြှင့်လာနိုင်တာကြောင့် အပြင်ထွက်ရာ၌ နေထိုင်ခွင့် အထောက်အထားများ အသင့်ဆောင်ထား ရန်အလုပ်သမားအရေးဆောင်ရွက်နေသူများက တိုက်တွန်းသည်။
ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (RWRN) ဥက္ကဌ ဦးစိန်ဌေး က “အလုပ်သမားတွေအနေနဲ့ လောလောဆယ် အခြေအနေမှာ ခရီးသွားလာတာတွေ လျှော့ချပြီးတော့မှ ကိုယ်နေထိုင်တဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ အဝန်းအဝိုင်းထဲမှာ နေထိုင် ကြဖို့လိုတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် စစ်ဆေးမှုတွေများလာလို့ရှိရင် ရောပြီးတော့ပါသွားမှာကိုစိုးရိမ်တယ်” ဟု ဧရာဝတီသို့ ပြော သည်။
အလုပ်သမားအရေးဆောင်ရွက်သူ အဖွဲ့အစည်းမျာက အလုပ်သမားများအနေဖြင့် မြန်မာဘာသဖြင့်ရေးသားထားသော ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ သိရှိနိုင်ရန် အတွက် သက်ဆိုင်ရာ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာမှတဆင့် အဆင့်ဆင့် ဖြန့်ဝေခြင်းသတိပေးခြင်းများ ပြုလုပ်ကြောင်း နီးစပ်ရာအလုပ်သမားများကိုလည်း သတိထားသွားလာနေထိုင်ရန် အသိပေးခြင်းများပြုလုပ်ကြသည်ဟုဆိုသည်။