သြဂုတ်လကုန်ပိုင်းတွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံ အတွက် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အား ပြန်လည်ပြင်ဆင် သုံးသပ်ရေးပွဲကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား သြဂုတ် ၁၂ ရက် က စတင် ပြုလုပ်နေပြီ ဖြစ်သည်။
အဆိုပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား ပြန်လည်ပြင်ဆင်သုံးသပ်ရေးပွဲကို ရန်ကုန်မြို့၊ ရွှေလီလမ်း ရှိ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ကျင်းပသည်။
မူဘောင်သုံးသပ်ရေးတွင် ပါဝင်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ် မထိုး ရသေး သည့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ ဘက်မှ ကိုယ်စားလှယ် ခူဦးရယ်က “ကျနော်တို့ နိုင်ငံရေး ဆွေးနွေး မှု ဆိုင်ရာမူဘောင်ကို သုံးသပ်တာပေါ့။ တခုလုံးကို သုံးသပ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး။ အချိန်ရဲ့ အကျပ် အတည်းကြောင့် လိုအပ်ချက်လေးတွေ Structure နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ အပိုင်းပဲ ရှိပါသေးတယ်”ဟု ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ပါ အချက်အလက်များအပေါ်တွင် ပြန်လည်သုံးသပ်ကြရာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား သဘောထားကွဲလွဲခြင်း ကြီးကြီးမားမား မရှိပါဟုလည်း ခူဦးရယ် က ပြောသည်။
အစိုးရ၏ ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) အတွင်းရေးမှူး ဒေါက်တာ မင်းဇော်ဦး ကလည်း နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ကို သြဂုတ်လ ၁၃ ရက်တွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် ထပ်မံ ဆွေးနွေးမှု များ ပြုလုပ်သွားမည်ဟု ဆို သည်။
ဆက်လက်ပြီး ဒေါက်တာ မင်းဇော်ဦးက“မနက်ဖြန်တော့ နိုင်ငံရေးပါတီတွေနဲ့တွေ့ရင် တခန်းချင်း လုပ်ငန်း စဉ် အစဉ်လိုက်ကို ဘယ်လို လုပ်မလဲ (Structure) ကိစ္စကို ဆွေးနွေးဖို့ ရှိပါတယ်။ ဒါပြီးပြတ်တယ် ဆိုရင် တော့ မူဘောင်ကို အဆင့်လိုက် တခန်းချင်းစီ ပြန်ဆွေးနွေးဖို့ ရှိပါတယ်”ဟု ပြောသည်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ သမ္မတဦးသိန်းစိန် လက်ထက်က တိုင်းရင်းသား လက်နက်ကိုင် (၈) ဖွဲ့နှင့် NCA ချုပ်ဆိုပြီးနောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တရပ် ဖွဲ့ကာ ရေးဆွဲထားခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်တွင် ဆွေးနွေးမည့် အကြောင်းအရာများ အဖြစ် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး နှင့် မြေယာ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒများ ပါရှိသည်။
ထိုစဉ်က UPDJC ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဖြင့် သမ္မတဦးသိန်းစိန် ဦးဆောင် သည့် အစိုးရအဖွဲ့ ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့က ပထမ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပခဲ့သည်။
သမ္မတဦးသိန်းစိန် လက်ထက်က NCA စာချုပ်တွင် တိုင်းရင်းသားအဖွဲ့ အားလုံး မပါဝင်နိုင်ခဲ့သဖြင့် ၈ ဖွဲ့ဖြင့် သာ NCA လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုလည်း ၈ ဖွဲ့တည်းဖြင့် ရေးဆွဲထား ခြင်း ဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် ငြိမ်းချမ်းရေးကော်မရှင်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA မူအတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်သဖြင့် UPDJC ရေးဆွွဲ ထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အသုံးပြုပြီး ၂၁ရာစု ပင်လုံညီလာခံကို ကျင်းပမည် ဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ရေးဆွဲစဉ်က မပါဝင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ခေါ်ယူပြီး ပြန်လည်ပြင်ဆင် သုံးသပ်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။
ပထမအကြိမ် ၂၁ရာစုပင်လုံ ညီလာခံကို သြဂုတ်လ ၃၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အဆိုပါ ညီလာခံ ပြီးပါက ပြည်နယ်များအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အဆိုပါ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသည့် တောင်းဆိုချက်များ၊ ရလဒ်များကို ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေး ပြန်လည်ကျင်းပပြီး ဆွေးနွေးခြင်းများ ပြုလုပ်ရန် လျာထားသည်ဟု သိရသည်။
၂၁ရာစု ပင်လုံညီလာခံတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား နိုင်ငံရေး၊ လုံခြုံ ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာ၊ သဘာဝ သယံဇာတ ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ပြီး ညီလာခံကို ၃ နှစ် နှင့် ၅ နှစ်ခန့် ကြာမြင့်နိုင်သည်ဟု အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ခန့်မှန်း ထား သည်။
ထို့အပြင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်ရှိတွင် NCA ထိုးရန် မလိုဘဲ ၂၁ရာစုပင်လုံ ညီလာခံသို့ တတ်ရောက်ရန် အစိုးရက ဖိတ်ကြားထားပြီး ပထမအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံပြီးမှသာလျှင် NCA ကို လက်မှတ်ထိုးရန် ဆက်လက် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
NCA လက်မှတ် ထိုးထားသည့် ချင်း အမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း က “လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း ၂၁ရာစု ပင်လုံညီလာခံ လာတက်ပြီးတဲ့နောက်မှာ ရှေ့ဆက် ဒီငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါလာနိုင်ဖို့အတွက်် ဆိုရင် NCA စာချုပ် လက်မှတ်ရေးထိုးရေးက လိုအပ်မယ်လို့ ကျနော်တို့ အားလုံး သုံးသပ်ထားပါတယ်”ဟု ပြောသည်။
ယမန်နေ့က ဆွေးနွေးပွဲသို့ အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင် ၊ ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ တို့မှ ကိုယ်စားလှယ်များ တက်ရောက်သည်။
တိုင်းရင်းသားများဘက်မှ NCA ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ်များ၊ NCA မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့မှ ကိုယ်စားလှယ်များ အပြင် ရှမ်းပြည်နယ် အရှေ့ ပိုင်း အထူးဒေသ(၄) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) မှ ကိုယ်စား လှယ် များလည်း တက်ရောက်သည် ။
‘ဝ’ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ -ကပ်ပလန် (NSCN-K) တို့မှာ ရောက်ခြင်းမရှိပါ ။
မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့မှာမူ အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုလျှင် “လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်ပါသည်” ဟူသည့် ထုတ်ပြန်ချက် ထုတ်ခိုင်းထားပြီး ၎င်းတို့ သုံးဖွဲ့က မထုတ်နိုင်ဘဲ ညှိနှိုင်းနေဆဲဖြစ်သဖြင့် ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။