ကမ္ဘာကျော် ဘိန်းဘုရင်ကြီး ကျင်လည်ခဲ့ရာ ဒေသထဲက တခုဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့က ယခုတိုင် ဘိန်းဘုရင်ကြီး ခွန်ဆာ ကြဲချခဲ့တဲ့ မျိုးစေ့တွေ ရှင်သန်နေတုန်းပါပဲ ။
တာချီလိတ်မြို့က ခွန်ဆာ သွားလာ လှုပ်ရှားခဲ့တုန်းကလို မဟုတ်တော့ဘဲ အိုးအိမ်တိုက်တာတွေက ခေတ်မီ ပြောင်းလဲ လာပေမယ့် မပြောင်းလဲလာတာကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုပဲလို့ ပြောရင် မလွဲနိုင်ပါဘူး။
ခွန်ဆာမရှိတော့ပေမယ့် တာချီလိတ်မှာ ခွန်ဆာ အသေးစားလေးတွေ ပေါများနေဆဲပါပဲ။
“တာချီလိတ်မြို့ပေါ်မှာ ဘိန်းကို လူမြင်ကွင်းမှာ ပေါ်တင် မရောင်းရုံပါပဲ။ နေရာတိုင်းလိုလို ရနိုင်တယ်” လို့ တာချီလိတ်မြို့မှာ မွေးဖွားပြီး ယခုတိုင် နေထိုင်နေဆဲဖြစ်တဲ့ အသက် ၅၀ ကျော် ဦးအောင်ကိုက ပြောပါတယ်။
မူူးယစ်ဆေးဝါး ရောင်းချတဲ့သူ ပြုလုပ်တဲ့သူတွေ တချို့က အိမ်ရှေ့ခန်းမှာ ဟန်ပြ ကုန်ပစ္စည်းတွေ ရောင်းပြီး အိမ်နောက်မှာ ဘိန်းချက်နေတာတွေ ပြုလုပ်နေတာတွေရှိတယ်လို့လည်း ဦးအောင်ကိုက ဆိုပါတယ်။
“မူးယစ်ဆေးဝါး အမှုတွေမှာ ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိတာ တခါမှ မကြားဖူးဘူး။ သယ်တဲ့သူ၊ ရောင်းတဲ့သူနဲ့ သုံးတဲ့ သူတွေပဲ ဖမ်းမိတယ်။ တကယ်ဆို ခေါင်းဆောင်ပိုင်းကို ဖမ်းသင့်ပါတယ်” လို့လည်း ဦးအောင်ကိုက ထပ်မံ ပြောပါတယ်။
၂၀၁၅ ခုနှစ်က တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အိမ်ဆိုင်တခုမှာ အိမ်ဆောက်ပစ္စည်း အရောင်းပြကာ နောက်ကွယ်တွင် ဘိန်းချက်နေတဲ့ အမှုတခုရှိခဲ့ပြီး၊ ထိုအမှု တရားခံ ခေါင်းဆောင်ကို ယနေ့အထိ ဖမ်းဆီးရရှိမှု မရှိသေးကြောင်းကိုလည်း မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ် ရဲအုပ် အောင်ကျော်စိုးက ပြောပြပါတယ်။
တာချီလိတ်မြို့ နေထိုင်သူ တချို့ဟာ စီးပွားရေး မယ်မယ်ရရ မရှိပေမယ့် ကြီးပွားချမ်းသာနေတာကို တွေ့မြင်ရတာက သူတို့ နောက်ကွယ်မှာ ဘာတွေ လုပ်နေလဲဆိုတာ သံသယ ဖြစ်စရာ အချက်တခု ဖြစ်နေတယ်လို့ ရဲအုပ် အောင်ကျော်စိုးက ထောက်ပြ ပြောဆိုပါတယ်။
“နောက်ကွယ်မှာ ဘာတွေလုပ်နေလဲ ဆိုတာ သံသယဖြစ်ပါတယ်။ ကျနော်တို့ မစွတ်စွဲချင်ပါဘူူး” လို့ ရဲအုပ် အောင်ကျော်စိုးက ပြောပါတယ်။
တာချီလိတ်ဟာ ရွှေကြိဂံ ဖြစ်သည့် ထိုင်း၊ လာအို၊ မြန်မာ နယ်စပ် မြို့တမြို့ဖြစ်ပြီး တဲ့အတွက် မူးယစ်ဆေးဝါး တားဆီး နှိမ့်နင်းရေးကို ယခင်ကထက် ပိုပြီး ပူးပေါင်းလုပ်ဆောင်ပေမယ့် ဘိန်းရာဇာဂိုဏ်းတွေကိုတော့ လက်ရှိမှာ ဖမ်းဆီးရရှိမှု မရှိသေးပေ။
“မူးယစ်ရာဇာတွေက လုပ်တဲ့သူတွေ၊ သယ်ဆောင်တဲ့သူတွေ၊ ရောင်းတဲ့သူတွေ အဆင့်ဆင့်ခိုင်းတော့ နောက်က လူတွေ ဖမ်းဖို့ခက်တယ်” လို့ ရဲအုပ် အောင်ကျော်စိုးက ဆိုပါတယ်။
ရွှေတြိဂံ ဒေသအတွင်း အာဏာပိုင်တွေက မူးယစ်ဆေးဝါး လှုပ်ရှားနေတဲ့သူတွေ အဓိက အသုံးပြုတဲ့ လမ်းကြောင်းတွေလို့ ယူဆထားတဲ့ မဲခေါင်းမြစ်ကြောင်း၊ မိုင်းလား လမ်းကြောင်း၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ အဝင်အထွက်ဘက်ကို အမြဲတမ်း စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် မူးယစ်ရာဇာတွေ အတွက်ကတော့ အာဏာပိုင်တွေ မသိနိုင်ဘဲ မူးယစ်ဆေးတွေကို လုံလုံခြုံခြုံသယ်ယူ နိုင်မယ့် လမ်းကြောင်းတွေ ရှိနေပုံရပါတယ်။
အာဏာပိုင်တွေက မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်ရေး တားမြစ်နိုင်ရေး နေ့စဉ် ဆောင်ရွက်နေပေမယ့် အမှန်တကယ် ကုန်ကူးနေတဲ့ ဘိန်းရာဇာတွေကိုတော့ မိတယ်ဆိုတာ မရှိပါဘူး။ လက်ဝေခံ ရောင်းချသူ၊ သယ်ယူသူ၊ သုံးစွဲသူ အဆင့်လောက်သာ ဖမ်းမိကြပါတယ်။
တာချီလိတ် ခရိုင်အတွင်းမှာ ၂၀၁၅ ခုနစ် တနှစ်လုံး မူးယစ်ဆေး အမှုပေါင်း ၁၉၆ မှုနဲ့ ၂၀၁၆ ခုနစ် ဇူလိုင်လအထိ မူယစ်ဆေးဝါးမှု ၆၉ မှု ရှိနေတယ်လို့လည်း တာချီလိတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ့ ဒေသအနှံ့အပြား မူးယစ်ဆေးဝါး ဖောင်းပွလာမှုကို တားဆီးဖို့ နေပြည်တော်က အမျိုးသားလွှတ်တော်မှာ လွှတ်တော်အမတ်တွေက ဆွေးနွေးခဲ့ကြပါသေးတယ်။
ဆွေးနွေးချက်တွေအနက် မူးယစ်ဆေးဝါး ရောင်းချနေသူများ၊ မူးယစ်ရာဇာများစာရင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အစိုးရတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတာတွေ ရှိတယ်လို့ လွှတ်တော် အမတ်တွေက ထောက်ပြ ပြောဆိုသွားကြပါတယ်။
မူးယစ်ဆေးဝါးက ငြိမ်းချမ်းရေးရဲ့ ဖွားဖက်တော်လို့ ပြောလို့ရကြောင်း၊ တောရော မြို့ပါမကျန် ၁၉၉၀ နောက်ပိုင်း စိမ့်ဝင် ထိုးဖောက်လာကြောင်းလည်း ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ က ဆိုပါတယ်။
“ရှမ်းပြည်နယ် အရှေ့ပိုင်းမှာဆိုရင် ဂိမ်းဆိုင်များမှာ ဝန်ဆောင်မှုပေးတဲ့ အနေနဲ့ ပဲကြီးလှော် ဧည့်ခံသလို တည်ခင်း ဧည့်ခံခြင်းများ၊ စုပေါင်းဝိုင်းဖွဲ့ သုံးစွဲခြင်းများအထိ အတင့်ရဲ လုပ်ကိုင်လာကြတာကို တွေ့မြင်ပါတယ်” လို့ ဦးခွန်သန်းဖေ က ပြောခဲ့ပါတယ်။
တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးတွေ ဒုစရိုက်သမားတွေ၊ လောင်းကစားရုံတွေ၊ ဂိမ်းတွေ အစုံရှိပြီး ဒုစရိုက် ပြဿနာ ကတော့ အမြဲတမ်းနီးပါး ဖြစ်လျက်ရှိကြောင်း၊ သို့သော် ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရရှိမှု နည်းပါးကြောင်းလည်း တာချီလိတ်မြို့ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် အမတ် ဦးခင်မောင်တင့် က ပြောပါတယ်။
“နေရာတိုင်းမှာ လောင်းကစားရုံတွေ ရှိတယ်။ လောင်းကစားရုံးတွေမှာ ကလေးတွေကအစ ရောက်နေတယ်။ လောင်းကစားရုံးတွေမှာ မူးယစ်ဆေးဝါးနဲ့ တွဲရောင်းနေတာတွေ ရှိတယ်။ ဒါတွေကို အာဏာပိုင်တွေ စိစစ်သင့်တယ်” လို့ ဦးခင်မောင်တင့်က ဆိုပါတယ်။
လောင်ကစားရုံတွေကို ရှင်းလင်းဖို့အတွက်က ခက်ခဲနေကြောင်း၊ ရှင်းလင်းလျှင်လည်း ဌာနုဆိုင်ရာ ဝန်ထမ်းတွေ အတွက် လုံခြုံရေးမှာ အန္တရာယ်ရှိကြောင်း တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်ရွှေက ပြောပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတဲ့ စက်ပစ္စည်းတွေက အရမ်းကို ခေတ်မီလာတဲ့အတွက် ဆေးထုတ်တဲ့အခါမှာ အခန်းကျဉ်းကျဉ်းလေးမှာလည်း ထုတ်လို့ရတယ်၊ ပြီးတော့ ထုတ်လုပ်တဲ့စက်က ဘယ်နေရာမဆို သယ်ဆောင် သွားနိုင်တဲ့အတွက် ထုတ်လုပ်တဲ့သူတွေ အနေနဲ့ နေရာ အပြောင်းအရွှေ့ လုပ်ကြတော့ ဖမ်းဆီးဖို့က ခက်ခဲတယ်လို့ ရဲအုပ် အောင်ကျော်စိုးက ဆိုပါတယ်။
“မူးယစ်ဆေးဝါး ထုတ်လုပ်မှုက ၁၀ ပေ ပတ်လည် အခန်းကျဉ်းပဲလိုသလို စက်ကို နေရာတကာ ရွှေ့လို့ရတော့ ထုတ်လုပ်တဲ့သူက ပြောင်းရွှေ့လုပ်နေကျတော့ ဖမ်းဖို့က ခက်ခဲတယ်။ ကျနော်တို့ကတော့ သတင်းရရင် ရသလိုပါပဲ၊ လှုပ်ရှားပါတယ်” လို့ ရဲအုပ် အောင်ကျော်စိုး က ဆိုပါတယ်။
တာချီလိတ်မြို့မှာ လူကြီးတွေရော လူငယ်တွေ တော်တော်များများပါ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်နေကြကြောင်း၊ တချို့လူငယ်တွေဆိုရင် မူးယစ်ဆေးဝါးနဲ့ ဘဝပျက်ကြ၊ တချို့ကျတော့ အိမ်ထောင်ကွဲကြ၊ မူးယစ်ဆေးစွဲပြီး ဒုစရိုက်တွေ လုပ်တာတွေ ဖြစ်လာတဲ့ အထိပါပဲလို့ တာချီလိတ်မြို့က အမည်မဖော်လိုတဲ့ အခါ တိုင်းရင်းသူတဦးက ပြောပြပါတယ်။
“တချို့လူတွေက ဘိန်းစွဲလို့ ကိုယ့်မိန်းမကို ရိုက်တာတွေ၊ တာချီလိတ်မှာက မူးယစ်ဆေးဝါးနဲ့ ဘဝ ဆုံးရှုံးတဲ့သူတွေ များပါတယ်။ ဒီမှာဆို ယောကျ်ားလေးမွေးရင် ဘိန်းစား ဖြစ်မယ်ဆိုတဲ့ အယူဖြစ်လာတဲ့ အထိပါပဲ” ဟု အခါ တိုင်းရင်းသူက ဆိုပါတယ်။
ဆက်လက်ပြီး အခါ တိုင်းရင်းသူက “ကျမတို့ဆီမှာ မူးယစ်ဆေးဝါး ပြဿနာရော တရားဥပဒေ စိုးမိုးမှု မရှိဘူး။ ကိုယ့်အိမ်ရှေ့မှာ လူတယောက် သေနတ်နဲ့ ပစ်သတ်ခံရတာ သိလျက်နဲ့ မပြောရဲဘူး။ ကိုယ့်ကို အန္တရာယ်ပြုမှာ ကြောက်တယ်။ ဒီမြို့ကလူတွေက ဘယ်သူတွေ ဘာလုပ်လဲ ဆိုတာ သိဖို့လွယ်တယ်” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး အစိုးရ အကြီးအကဲတွေက တာဝန်ယူကာ မူးယစ်ရာဇာတွေကို စနစ်တကျ စုံစမ်းဖော်ထုတ် ဖမ်းဆီးခြင်း၊ မူးယစ်ဆေးဝါး ရောင်းချနေသူတွေနဲ့ ပတ်သက်နေတဲ့ အစိုးရဌာနဆိုင်ရာမှ ဝန်ထမ်းတွေကို ဖော်ထုတ် အရေးယူခြင်းများ ပြုလုပ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အကြံပြု ပြောဆိုထားပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရွှေတြိဂံ နယ်မြေအထိ စပ်နေတဲ့ နေရာဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတဲ့သူတွေ မူးယစ်ရာဇာဂိုဏ်းတွေကို ဖမ်းဖို့ တခြား ဆက်စပ်နေတဲ့ ၆ နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ တခုတည်းနဲ့ ပြုလုပ် မရနိုင်ကြောင်းကိုလည်း မူးယစ် တပ်ဖွဲ့စု (၃၀) တာချီလိတ် ရဲအုပ် အောင်ကျော်စိုးက ရှင်းပြပါတယ်။
“မူးယစ်ဆေး ရောင်းတဲ့သူတွေကို ဖမ်းဖို့ ကျနော်တို့ မူးယစ် တပ်ဖွဲ့ အင်အားနဲ့ မရဘူး။ တခြားနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့တွေ၊ ကျနော်တို့ အစိုးရ တပ်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေရတယ်” လို့ ရဲအုပ် အောင်ကျော်စိုး က ဆိုပါတယ်။
ရွှေတြိဂံ ဒေသဟာ နာမည်ကျော် မူးယစ်ရာဇာ ခွန်ဆာနဲ့ နော်ခမ်းတို့ လှုပ်ရှားခဲ့တဲ့ နေရာဆိုတော့ ဒီလို နယ်မြေကြမ်းတဲ့ နေရာမှာ မူးယစ်ရာဇာတွေကို ဖမ်းဆီးဖို့၊ မူးယစ်ဆေးဝါး နှိမ့်နင်းဖို့ဆိုတာ အန္တရာယ် အရမ်းများပြီး ရန်သူထက် သာလွန်တဲ့ အင်အားတွေ၊ ပြီးတော့ တခြား အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှ ရနိုင်မယ်လို့လည်း ရဲအုပ် အောင်ကျော်စိုးက သုံးသပ်ပြောဆိုပါတယ်။