ပြည်တွင်းစျေးကွက်ကို ရောက်ရှိနေပြီဖြစ်တဲ့ Chevyရဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ် Corvetteနဲ့ နည်းနည်း လောက် မိတ်ဆက်ပေးချင်ပါတယ် ။ စွမ်းဆောင်ရည်မြင့်တယ်၊ အရည်အသွေးကောင်းတယ်၊ ဇိမ်ခံမော်ဒယ် အနေနဲ့ ဖန်တီးထားတယ်၊ ဒီဇိုင်းပိုင်း သိသာပေါ်လွင်တယ်၊ ဒီအချက်တွေက မော်ဒယ်ရဲ့ အားသာချက်တွေပါ။
နာမည်ကျော် မန်ယူလို အသင်းကို ဂျာစီ စပွန်ဆာပေးပြီး နောက်ပိုင်း Chevyရဲ့ ပုံရိပ်တွေ လူသိများလာမှုနဲ့ အတူ Corvetteရဲ့ စျေးကွက် နေရာရရှိမှုလည်း အားကောင်းလာခဲ့တာပါ။ တခု ရှိတာကတော့ ဆီဒင်ပုံစံထက် အဆင့်မြင့် Sportရုပ်ထွက်နဲ့ ဖြစ်နေလို့ လူငယ်ဆန်တာ တချက်က လူတိုင်း လက်ခံ နှစ်သက်ပါ့မလားပေါ့။ ဒါပေမယ့် လူငယ်တွေ အတွက်တော့ အိပ်မက်တစ်ခု ဖြစ်နေမှာပါ။
မော်ဒယ်က အရှိန်မြှင့်တင် မောင်းနှင်နိုုင်မှု အထူးကောင်းမွန်တာ တွေ့ရပြီးတော့ အင်ဂျင် အကြီးစားကို တပ်ဆင်ထားတာ ဖြစ်လို့ စွမ်းအင် ထုတ်လွှတ်မှု ကောင်းမွန်သလို တစ်ဖက်က ဆီစားနှုန်းကလည်း သက် သာတာ တွေ့ရပါတယ်။
နောက်ပြီး အမြန်နှုန်း မြင့်မြင့်မောင်းနှင်နို်င်အောင် ဖန်တီးထားတဲ့ မော်ဒယ် ဖြစ်ပေမယ့် တခြားကား တွေထက်စာရင် အမြန်နှုန်း အမြင့်စား အနေအထားနဲ့ မောင်းနှင်နေချိန်တွေမှာ အသံဆူညံမှု နည်းပါးလွန်းလှပါတယ်။ နောက်ပြီးတော့ ဘရိတ်ပိုင်းနဲ့ လက်ကိုင် ပိုင်း ဆိုတာကလည်း ကမ္ဘာ့အဆင့်အနေနဲ့ သတ်မှတ်ခံထားရတဲ့ အဆင့်မြင့် တီထွင် တပ်ဆင်ထားရှိမှုတွေ ဖြစ်ပါတယ်။
နောက်ဆုံး ပြောရမယ့် တချက်ကတော့ အတွင်းခန်း၊ နောက်ဘက်ခန်းတွေ ကျယ်ဝန်းကောင်းမွန်တာကြောင့် အပန်းဖြေခရီးအတွက် ဖြစ်စေ၊ မြို့တွင်းလမ်းကြောင်းတွေ အတွက် ဖြစ်စေ စိတ်ကြိုက် အနေအထားနဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။
အားနည်းချက် အပိုင်းကို ပြောရမယ် ဆိုရင် သူက အရှိန်မြှင့်တင်မောင်းနှင်နို်င်မှု ကောင်းမွန်တာ ဖြစ်ပေမယ့် သွက်လက် မြန်ဆန်မှု အပိုင်းမှာတော့ တခြား ပြိုက်ဖက်ကားတွေလောက် လျှင်မြန်မှု နည်းတာ တွေ့ရပါတယ်။ နောက်ပြီးတော့ အတွင်းခန်းအပိုင်းတွေမှာ တည်ဆောက်ထားရှိမှုတွေက အရင်တုန်းက ခေတ်ဟောင်း ဒီဇိုင်မျိုး ဖြစ်နေတော့ လူတိုင်း နှစ်သက်ပါ့မလား ဆိုတာ တွေးစရာပါ။
တကယ်တမ်းဆိုရင် လူငယ်ဆန်ဆန် Sportတစ်စီးက အတွင်းပိုင်း အပြင်အဆင်တွေမှာလည်း Fancyဆန်နေမှ လူငယ်တွေ ကြိုက်နှစ်သက်မှာ ဖြစ်တာကြောင့် အခုလို ဒီဇိုင်းပိုင်း နောက်ကျချင်နေတဲ့ အတွင်းပိုင်း ပြင်ဆင်မှုတွေက အားနည်းချက် တရပ် ဖြစ်နေစေပါတယ်။
တပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းမှာ ၆ ဒသမ ၂လီတာသုံး V8အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး ဒီအရွယ်အစား က V8ထဲမှာ အကြီးဆုံး တန်းဝင်လို့ ဆိုနိုင်ပါတယ်။ အင်ဂျင်ရဲ့ ရုန်းအား ၄၂၄ပေါင်-ပေမှာ စွမ်းအင် ထွက်ရှိမှု နှုန်းက မြင်းကောင်ရေ ၄၃ဝအား ဖြစ်ပြီးတော့ Sportဆန်ဆန် လူငယ်ကြိုက် ကားအမျိုးအစား ဖြစ်တာကြောင့် Manualစနစ်ကို သုံးနိုင်မှာ ဖြစ်ကာ နောက်ဘီးယက် စနစ်နဲ့ စုစုပေါင်း အသုံးပြုနိုင်မယ့် ဂီယာချက်က ၆ချက် ဖြစ်ပါတယ်။
Autoစနစ်နဲ့လည်း စျေးကွက်ဝင်တာ တွေ့ရပြီး အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တစ်နာရီ မိုင်၆ဝနှုန်းကို အချိန် ၄ ဒသမ ၅စက္ကန့်ပဲ ကြာမှာ ဖြစ်ပါတယ်။ ဆီစားနှုန်း အပိုင်းမှာ ဆီတစ်ဂါလံကို ပျမ်းမျှ မိုင်၂ဝနှုန်းနဲ့ မြို့တွင်း ၁၆မိုင်၊ အဝေးပြေးလမ်းကြောင်းမှာ ၂၆မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။
ဘရိတ်ပိုင်း ထိန်းချုပ်နိုင်မှုက တစ်နာရီ မိုင်၆ဝနှုန်းကနေ ရပ်တန့်မယ်ဆိုရင် ၁၁၈ပေ ယူမှာ ဖြစ်တာကြောင့် ပုံမှန်ထက် စာရင်တော့ ကောင်းမွန်တဲ့ ထိန်းချုပ်နိုင်မှုပါ။ ကားရဲ့ အလျားက ၁၄ပေနဲ့ ၆လက်မခွဲရှိမှာဖြစ်ပြီး မျက်နှာစာ အကျယ်က ၆ပေနဲ့ လက်မဝက်ရှိမှာ ဖြစ်ကာ ကားရဲ့ အလေးချိန်က ပေါင် ၃၂၀၀ ကျော်တယ် ဆိုရုံလေးပါပဲ။ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၁၈ဂါလံ ဖြစ်သလို တန်ကြေးက သိန်း ၃၅၀၀ ဝန်းကျင်ရှိပါတယ်။