သတင်း

ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးနှင့် မြစ်ဆုံဆည် ကိစ္စများ ဆွေးနွေးနိုင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး၊ ဧရာဝတီ မြစ်ဆုံဆည်နှင့် သက်ဆိုင်သည့် ကိစ္စများကို ဆွေးနွေးနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်လည်းရှိသူ ၄င်းက“ဒီတခေါက် လည်း တရုတ်ဘက်က မြစ်ဆုံကိစ္စကို ဆွေးနွေးမှာပါပဲ။ ကျနော်တို့ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကောင်းမွန်အောင် ဘယ်လိုမျိုး စီစဉ် ဆောင်ရွက်နိုင်မလဲဆိုတာကို ဆွေးနွေးပွဲတွေ လုပ်နေတာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ ပြောနိုင်အောင် အကောင်းဆုံး စီစဉ်ဆောင်ရွက်သွားမှာ”ဟု ပြောသည်။

သြဂုတ် ၁၂ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနက ပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရက် ၁၀၀ လုပ်ငန်းစဉ်များ သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းချက်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ဦးကျော်ဇေယျက အထက်ပါအတိုင်း ပြန်လည် ဖြေဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလာနိုင်ဖွယ် ရှိသည်ဟု သိရသည်။

“ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အထူးကိုယ်စားလှယ် တယောက် ပါပါတယ်။ သူကိုယ်တိုင်လည်း ပါဝင် ပတ်သက်နေတာ ရှိတယ်။ ငြိမ်းချမ်းရေး ကိစ္စကို သူတို့ဘက်က ဆွေးနွေးလာရင်တော့ ကျနော်တို့ဘက်ကလည်း ဆွေးနွေးနိုင်အောင် ပြင်ဆင်ထားတာ ရှိပါတယ်”ဟု ဦးကျော်ဇေယျက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် မတိုင်မီတွင် မြန်မာအစိုးရက မြစ်ဆုံကိစ္စ ပြင်ဆင်မှုအဖြစ် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို သြဂုတ်လ ၁၂ ရက်နေ့တွင် နယ်ပယ်အသီးသီးများ ပညာရှင် ၂၀ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ်တက်ပြီး ကာလတွင် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် နိုင်ငံတကာ ခေါင်းဆောင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဖြစ်ပြီး သူ လာရောက်ခဲ့စဉ်က မြစ်ဆုံဆည်ကိစ္စကို စတင်ဆွေးနွေးခဲ့သော်လည်း မြန်မာဘက်က ပြန်လည်ဆွေးနွေးရန် ငြင်းဆန်ခဲ့သည်ဟု သူက မီဒီယာများသို့ ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ တဦးအနေဖြင့် တရုတ်နိုင်ငံသို့ ၂၀၁၅ ခုနှစ် ဇွန်လတွင် အလည်အပတ် ဖိတ် ခေါ်ခဲ့ပြီး သမ္မတ ရှီကျင့်ဖင်ကိုယ်တိုင် တွေ့ဆုံဧည့်ခံခဲ့သဖြင့် ၂ ဖက် နားလည်မှု တည်ဆောင်နိုင်ခဲ့ကြောင်း ထိုကာလအတွင်း သတင်းများက ဖော်ပြခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် ကုလသမဂ္ဂ ညီလာခံသို့ တက်ရောက်ရင်း အမေရိကန် သမ္မတ အိုဘာမားနှင့် တွေ့ဆုံနိုင်ရန် စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ဦးကျော်ဇေယျက “သမ္မတ အိုဘာမားရဲ့ ကာလတွေက သိပ်ပြီးတော့ မကျန်တော့ပါဘူး။ အဲဒီကာလမတိုင်ခင်မှာ အခြေအနေပေးမယ်ဆိုရင် လာဖို့ စဉ်းစားလို့ရအောင် ဖိတ်တဲ့ သဘောပါပဲ။ ကျနော်ကလည်း UN ကိုသွားရင်းနဲ့ စီစဉ်တဲ့ သဘောပါ”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ ခရီးစဉ်များတွင် အိမ်နီးချင်းနှင့် အာဆီယံ နိုင်ငံများကို ဦးစားပေးသွားရောက်ရန် စီစဉ်ထားပြီး မလေးရှားနိုင်ငံသို့ သွားရောက်ရန်မှာ လတ်တလော အစီအစဉ် မရှိသေးဘဲ တင်ပြထားသည့် အဆင့်သာ ရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading