သတင်း

အစိုးရသစ်ကို တရုတ်ကူညီလို့ ဦးသန်းရွှေ ကျေးဇူးတင်

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ် တက်လာသည့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၏ ဆက်လက် ကူညီပံ့ပိုးမှုကို ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး မစ္စတာ ဆောင်းတောင်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

“ဦးသန်းရွှေက ပြောတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး တိုးတက်ရေးမှာ တရုတ်က အားပေးထောက်ခံတာ၊ အကူအညီပေးတာတွေအတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်ပြည်က မြန်မာပြည်ရဲ့ အိမ်နီးချင်းကောင်း နောက်ပြီးတော့ အမြဲတန်း မိတ်ဆွေလို့ ပြောတယ်”ဟု ရန်ကုန်မြို့ရှိ တရုုတ်သံရုံးမှ ဒုတိယ အတွင်းဝန် ZHU Xiang Hui က ဧရာဝတီသို့ ပြောသည်။

အထက်ပါ ကွန်မြူနစ်ပါတီ ခေါင်းဆောင်၏ ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးသန်းရွှေ၊ ဦးရွှေမန်း၊ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တဦးနှင့် USDP ပါတီ အတွင်းရေးမှူးတို့ကို တွေ့ဆုံခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။

“မြန်မာပြည်က နိုင်ငံရေးအင်အားစု အသီးသီးကို လိုက်တွေ့ရင်းနဲ့ ဦးသန်းရွှေကိုပါ တရုတ်က ဝင်တွေ့တာပါ”ဟု ZHU Xiang Hui က ပြောသည်။

တရုတ်ခေါင်းဆောင်က တရုတ်-မြန်မာ ၂ နိုင်ငံသည် ရေမြေချင်းဆက်နေသဖြင့် အိမ်နီးချင်း နိုင်ငံကောင်းများ ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး တိုးမြင့်ရေးသည် ၂ နိုင်ငံ ပြည်သူလူထု၏ တူညီတဲ့ ဆန္ဒဖြစ်၍ တရုတ်က မြန်မာပြည်၏ ဘက်စုံ စီးပွာရေး တိုးတက်မှု၊ လူမှုရေး ကဏ္ဍတိုးတက်ရေးများကို ထောက်ခံလျက်ရှိကြောင်း ဦးသန်းရွှေနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

“သူ(ဦးသန်းရွှေ)ကလည်း အခုမြန်မာပြည်ရဲ့ အသွင်ကူးပြောင်းတဲ့ ကဏ္ဍမှာ ဝင်ပြီးတော့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ၊ တိုးမြင့်စေချင်ပါတယ်”ဟု ZHU Xiang Hui က ပြောသည်။

ဖေ့ဘွတ်လူမှုကွန်ရက်တွင် ပျံ့နေသော ဦးသန်းရွှေက တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံမှု
ဖေ့ဘွတ်လူမှုကွန်ရက်တွင် ပျံ့နေသော ဦးသန်းရွှေက တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံမှု

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာပြည်က မိသားစု အသီးသီးသည် မိတ်ဆွေဟောင်းများ ဖြစ်ကြောင်း၊ ဆက်လက်၍ မိတ်ဆွေကောင်းအဖြစ် ဆက်ဆံခြင်းကို ချီးကျူးကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီက မြန်မာပြည်နိုင်ငံရေး အင်အားစု အသီးသီးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတိုးမြင့်ထားသဖြင့် ချီးကျူးကြောင်းလည်း ဦးသန်းရွှေက ပြောကြားခဲ့သည်ဟု သိရသည်။

တရုတ် ကွန်မြူနစ်ပါတီခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သူ ဦးရွှေမန်းကလည်း တရုတ်နိုင်ငံက အိမ်နီးချင်း မိတ်ဆွေကောင်းဆိုသည့် ပေါ်လစီကို အမြဲကျင့်သုံးခဲ့ သည့်အတွက် ကျေးဇူးတင်ကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်လိုပြီး အကူအညီများလည်း ဆက်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

တရုတ်ကလည်း မြန်မာနိုင်ငံကို ဆက်လက် ကူညီပေးသွားမည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဧရာဝတီသို့ ပြောသည်။

ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် နို်င်ငံခြား သံတမန်များ တွေ့ဆုံမှုကို ၎င်း အာဏာလွှဲခဲ့သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ် တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ် မတိုင်မီတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့အကြီးအကဲတဦးအနေဖြင့် ကြိုဆိုမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် သတင်းများက ကြေညာထားသည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အာဏာလွှဲပြောင်းမပေးမီ ၂၀၁၀ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံသို့ နိုင်ငံတော်အကြီးအကဲအနေဖြင့် နောက်ဆုံးသွားရောက်ခဲ့သည်။

Loading