၂၁ ရာစု ပင်လုံညီလာခံတွင် အားလုံးပါဝင်ရေးမူ UPDJC အတည်ပြု
This article has been converted from Zawgyi One to Unicode
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ)တွင် သက်ဆိုင်သူအားလုံး ပါဝင်ရေးမူကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ယနေ့တွင် အတည်ပြုလိုက်သည်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ယနေ့တွင် ကျင်းပသည့် UPDJC အစည်းအဝေးတွင် “ညီလာခံတက်ရောက်သူများ” ခေါင်းစဉ်ဖြင့် အားလုံးပါဝင်ရေးကို ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီမှ အစိုးရကိုယ်စားလှယ် ဦးလှမောင်ရွှေက ပြောသည်။
“လက်မှတ်ထိုးသည်ဖြစ်စေ၊ လက်မှတ်မထိုးသည်ဖြစ်စေ ညီလာခံတက်ရောက်သူများဆိုတဲ့ အသုံးအောက်မှာ တက်ဖို့ သဘောတူလိုက်ကြတာ” ဟု ဦးလှမောင်ရွှေက ဆိုသည်။
လာမည့် သြဂုတ်လ ၃၁ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် “၂၁ ရာစု ပင်လုံညီလာခံ” ကို တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များက သဘောတူလိုက်ကြဖြစ်ခြင်းပြီး၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ယနေ့တွင် ပြုလုပ်သည့် UPDJC အစည်းအဝေး၌ အတည်ပြုနိုင်ခြင်း ဖြစ်သည်။
“မူဘောင်က အခုညီလာခံအတွက် အတည်ပြုလိုုက်ပြီ။ အားလုံးပါဝင်ရေးမူကို ဆက်ဆွဲကိုင်ပြီး ညှိနှိုင်းသွားမယ်။ ဒီညီလာခံကနေပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်သွားနိုင်ဖို့အတွက် အတည်ပြုဖို့နဲ့ အားလုံးယုံကြည်မှုတွေ ရှိလာပြီး Ownership က Joint Ownership ဖြစ်ပြီး ဒီ Process ထဲမှာ အားလုံးဝင်ပါလာဖို့ အတွက်ပါ” ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။
အလားတူ ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ညီလာခံမှာ အားလုံးပါဝင်ဖို့အတွက် မူဝါဒချလိုက်ပြီ။ အားလုံးပါလာအောင်အထိ သူတို့ဆောင်ရွက်ကြလိမ့်မယ်။ နောက်ဆုံး ပွင့်ပွင့်လင်းလင်းပြောရင် တပ်မတော်နဲ့ ဆွေးနွေးနေကြတဲ့ TNLA၊ AA၊ MNDAA ၃ ဖွဲ့ကို ၃၁ ရက်နေ့မှာ စမယ့် ညီလာခံကြီးမှာ ပါဝင်နိုင်တဲ့အထိ ဖြေလျော့ကြလိမ့်မယ်”ဟု မီဒီယာများကို ပြောဆိုသည်။
၂၁ ရာစု ပင်လုံညီလာခံကို နေပြည်တော်ရှိ MICC – 2 ခန်းမတွင် သြဂုတ်လ ၃၁ ရက်မှ စတင်ပြီး ၅ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး၊ ညီလာခံသို့ တက်ရောက်မည့်သူများအား တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ဟူ၍ ခွဲခြားမနေတော့ဘဲ ညီလာခံတက်ရောက်သူများဆိုသည့် ခေါင်းစဉ်ဖြင့်ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် လူ ၁၆၀၀ ခန့်ဆံသည့် ထိုအဆောက်အအုံတွင် လူမည်မျှဖိတ်ကြားသွားမည်ကို ဆက်ဆွေးနွေးသွားမည်ဟု ဦးလှမောင်ရွှေက ဆိုသည်။
ယနေ့တွင်ပြုလုပ်သည့် UPDJC ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေး ဘုံသဘောတူညီချက်တခု ရရှိရန် ဆောင်ရွက်သွားရမည်ဖြစ်ပြီး စစ်မှန်သည့် ပြည်ထောင်စုတခု တည်ဆောက်ရန် တိုင်းရင်းသား ညီအကိုမောင်နှမအားလုံး၏ သဘောထားနှင့် ထောက်ခံမှုသည် အဓိကကျကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “ညီလာခံဆိုတာ ဒါပါပဲ။ ညီလာခံမှာ အမြင်အမျိုးမျိုးကိုညှိနှိုင်းဖို့ တွေ့ဆုံပွဲလုပ်တာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ အနာဂတ်နဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုး ရှိတယ်ဆိုတာကို ညှိနှိုင်းပြီးတော့ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ ချမ်းသာမှုအတွက် လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောဆိုသည်။
သြဂုတ် ၃၁ ရက်တွင် ပြုလုပ်မည့် ညီလာခံဖွင့်ပွဲရက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဌ တဦး၊ တိုင်းရင်းသား အစုအဖွဲ့မှ ခေါင်းဆောင်တဦး၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ခေါင်းဆောင်တဦးတို့ တက်ရောက်မိန့်ခွန်းပြောကြားရန် လျာထားကြောင်း သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက မီဒီယာများကို ပြောဆိုသည်။
ထိုအပြင် ညီလာခံတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်၌ နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတခေါင်းစဉ် ၅ ခုဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ညီလာခံ တက်ရောက်သူများသည် အပစ်ရပ်သည့်ဖြစ်စေ၊ မရပ်သည်ဖြစ်စေ တန်းတူဆွေးနွေးခွင့် ရရှိမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၆ လ တကြိမ်ခန့် ကျင်းပရန်လျာထားကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။
၂၁ ရာစု ညီလာခံသည် ပထမဆုံးအကြိမ် ညီလာခံဖြစ်ပြီး နိုင်ငံရေးဖြစ်စဉ်များ ရှေ့ဆက်နိုင်ရန်နှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လုပ်သွားမည် ဖြစ်ကြောင်းနှင့် ညီလာခံကျင်းပရေး ပူးတွဲကော်မတီတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်ရေးကို တပ်မတော်နှင့် နိုင်ငံရေးပါတီများက သဘောတူလိုက်ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။