အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်ခင် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားဆွေးနွေး ညှိနှိုင်းလိုသည်ဟု စာပို့ထားကြောင်း သိရသည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ သြဂုတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားသော ထိုစာတွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် အချက် ၄ ချက်ပါဝင်ပြီး အပစ်ရပ် ၈ ဖွဲ့ဘက်မှ အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က လက်မှတ်ထိုးထားသည်။
ထိုအချက် ၄ ချက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ချုပ်ဆိုထားသည့် NCA စာချုပ်ပါ ပြဌာန်း ချက်များ အားလုံးကို တန်းတူရည်တူ ပူးတွဲ အကောင်အထည် ဖော်ရန်၊ NCA စာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကျင်းပရန်များ ပါဝင်သည်ကို တွေ့ရသည်။
ထို့အပြင် NCA စာချုပ်ပါ ပြဌာန်းချက်များနှင့် အညီ နိုင်ငံရေး ဆွေးနွေးပွဲများတွင် အစိုးရ၊ တရားဝင် နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တန်းတူရည်တူ ကိုယ်စားပြု ပါဝင်မှုကို ပူးတွဲ အကောင်အထည် ဖော်ရန် နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အတွက် ပြင်ဆင် ဆောင်ရွက်ရာတွင် NCA ပါ ပြဌာန်းချက်များနှင့် အညီ အပြန်အလှန် အသိအမှတ်ပြုပြီး ပူးတွဲ ဆောင်ရွက်သွားရန်များလည်း ပါဝင်သည်။
အပစ်ရပ် ၈ ဖွဲ့ဘက်က ဖွဲ့စည်းထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးကို ယခုလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေး ၏ ဆုံးဖြတ်ချက် အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ မတိုင်ခင် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုတင် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရန် စာပေးပို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံကို သြဂုတ်လ ၃၁ ရက်တွင် ကျင်းပရန် သတ်မှတ်ထားသည်။