တနိုင်ငံလုံးရှိ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် ကျန်းမာရေးမှူးများကို ဥပဒေကြောင်းအရ ကာကွယ်မှု အပြည့်အဝပေးရန် ဖဲကြိုးပြာ လှုပ်ရှားမှုဖြင့် တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ဥပဒေအကာအကွယ် ရရှိရန်နှင့် ခွဲခြား ဆက်ဆံမှုများ မခံရစေရန်အတွက် ဗဟိုအဆင့် ဖဲကြိုးပြာ လှုပ်ရှားမှု တွေ့ဆုံပွဲ တခုကို သြဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များက နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီးနောက် အချက် ၅ ချက် ပါဝင်သည့် ထုတ်ပြန်ချက်တခုကို ကျန်းမာရေးမှူးများက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
၄င်းတို့မှာ ကျန်းမာရေးမှူး အမည် အခေါ်အဝေါ် လွဲမှားမှု မရှိရေး၊ ရာထူးအခွင့်အလမ်းများ အပြည့်အဝ ရရှိနိုင်ရေး၊ ဘွဲ့လွန်ပညာ ဆက်လက်သင်ကြားမှု အခွင့်အလမ်း ရရှိရေး၊ ဝန်ထမ်းအပြောင်းအရွှေ့ဆိုင်ရာ ကိစ္စရပ်များကို တိကျသော မူဝါဒများဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရေးနှင့် ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများကို အကာအကွယ်ပေးနိုင်ရန်အတွက် လိုအပ်သည့် နည်းဥပဒေများ အမြန်ဆုံး ပြဋ္ဌာန်းပေးရန် ဖြစ်ကြောင်း သိရသည်။
ဖဲကြိုးပြာ လှုပ်ရှားမှု ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချိုက“ထုတ်ပြန်ချက် တခုချင်းဆီမှာ ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ဒီထုတ်ပြန်ချက်တွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဆီကို တင်ပြသွားမှာပါ”ဟု တွေ့ဆုံပွဲအပြီး သတင်းထောက်များကို ပြောသည်။
ဖဲကြိုးပြာ လှုပ်ရှားမှု ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းမှာ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း လူသားတယောက်၏ ရပိုင်ခွင့် ဖြစ်သည် လွတ်လပ်စွာ ပညာ သင်ကြားခွင့်တွေ၊ လုပ်ငန်းခွင်အတွင်း လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်ခွင့်များ မရရှိခဲ့သောကြောင့်ဖြစ်ကြောင်း ဖဲကြိုးပြာ လှုပ်ရှားမှု၏ ပြောရေးဆို ခွင့်ရှိသူ ဦးထွန်းမျိုးမောင်က မီဒီယာများသို့ ပြောသည်။
“ကျန်းမာရေးစနစ်ကို အားကောင်းအောင် အတူတကွ လုပ်ဆောင်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကိစ္စတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲနဲ့ ဆုံးဖြတ်ချက် ချမှတ်နေတဲ့ကိစ္စတွေ ရှိနေတယ်။ အဲဒါကြောင့် လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုုပ်ငန်းစဉ်မှာ အတိုင်းအတာတခုအထိ အထောက်အကူ ပြုချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီလှုပ်ရှားမှုကို ဆောင်ရွက်ရတာပါ”ဟု ၄င်းက ပြောသည်။
ကျန်းမာရေးမှူးများသည် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်တွင်လည်း ခွဲခြားဆက်ဆံ ခံနေရမှုများ ရှိနေကြောင်း၊ ၂၀၁၆ ခုနှစ် ဇူလိုင်လကုန်ပိုင်းက ရမည်းသင်းမြို့နယ်ရှိ ကျန်းမာရေးမှူးတဦးကို တရားမဝင် ဆေးကုသည်ဟုဆိုကာ သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးခဲ့ခြင်း၊ ပွင့်လင်းမြင်သာမှု မရှိဘဲ အကျဉ်းဦးစီးဌာနသို့ ပြောင်းရွှေ့ခိုင်းခြင်းတို့ကို ၄င်းတို့က မကျေနပ်ကြကြောင်း ပြောပြသည်။
“နှစ်ပေါင်းများစွာ ခွဲခြားခံမှု၊ ဖိနှိပ်ခံရမှုနဲ့ လုပ်ငန်းခွင်အတွင်းမှာ ခြိမ်းခြောက်ခံရမှုတွေ ရှိပါတယ်။ ကျနေ်ာတို့ အချိန်မရွေး အလုပ်ပြုတ် သွားနိုင်တယ်။ အပြောင်း ခံရနိုင်တယ်။ ပွင့်လင်းမြင်သာမှု ရှိတဲ့ အပြောင်းအရွှေ့တွေကို တိတိကျကျ မူဝါဒ ချမှတ်ပြီး ပြောင်းရွှေ့ပေးဖို့ ဆိုတာကို တောင်းဆိုထားပါတယ်”ဟု ဦးထွန်းမျိုးမောင်က ပြောသည်။
ကျန်းမားရေး တက္ကသိုလ် တခုခုမှ ကျန်းမာရေး ပညာကို သင်ကြားခဲ့ခြင်း မရှိခဲ့သူများကို ကျန်းမာရေးမှူး ရာထူးများ ပေးထားခြင်းကိုလည်း ၄င်းတို့က ကန့်ကွက်သည်။
“အနာကြီးဌာန၊ တီဗွီဌာနက ပုဂ္ဂိုလ်တွေ အင်စပက်တာတွေ ရာထူးတိုးရင် ကျန်းမာရေးမှူး ဆိုပြီး ဖြစ်လာတယ်။ သူတို့လမ်းကြောင်းနဲ့ သူတို့ ရာထူးတိုးတာကို ကျေနပ်ပါတယ်။ တခုပဲပြောချင်တာက ကျန်းမာရေးမှူးဆိုပြီး ၁၉၅၀ ကတည်းက ကျန်းမာရေး သင်တန်းကျောင်းဆင်းပြီး ဘွဲ့လက်မှတ် သို့မဟုတ် အောင်လက်မှတ် ရရှိထားသူတွေသာလျှင် ပိုုင်ဆိုင်ထားတဲ့ မူပိုင်ခွင့် စကားရပ် ဖြစ်နေလို့ပါ”ဟု ကျန်းမာရေးမှူး တဦး ဖြစ်သူ ဦးမြင့်သူက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေ ပုဒ်မတခုတွင် ဆရာဝန်မှ လွဲ၍ မည်သူမျှ ဆေးထိုးအပ် သုံးခွင့်၊ ကိုင်ဆောင်ခွင့် မရှိဟု ပြဋ္ဌာန်း ထားသော်လည်း ကျေးလက် ကျန်းမာရေးမှူးများကို သာမာန် နာမကျန်း ဖြစ်မှုနှင့် ကာကွယ်ဆေး ထိုးနှံရန်တို့အတွက် ဆေးထိုးအပ် အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။
“ကျနော်တို့မှာ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ် မရှိပါဘူး။ ဆေးကောင်စီ ဥပဒေကို ပြင်ပေးမှာလား။ ဒါမှမဟုတ် ကျနော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို သတ်သတ်မှတ်မှတ် ထုတ်ပြန်ပေးမှာလား။ အဲလိုတွေမှာ လုပ်မပေးရင် လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ အခက်အခဲတွေ ရှိပါတယ်”ဟု ဦးထွန်းမျိုးမောင်က ပြောသည်။
ဆရာဝန်များတွင် ဆေးကောင်စီ ရှိသကဲ့သို့ အခြား သက်ဆိုင်ရာ အဖွဲ့များတွင်လည်း ထိန်းကျောင်းမည့် ကောင်စီများရှိကြောင်း၊ ၄င်းတို့ အနေဖြင့်လည်း ထိန်းကျောင်းနိုင်မည့် အဖွဲ့အစည်းတခု လိုအပ်နေသဖြင့် ယခုကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များ၊ ဥပဒေပြု အမတ်များနှင့် ပြည်သူလူထုက စဉ်းစားပေးရန် တောင်းဆိုကြသည်။
ဖဲကြိုးပြာ လှုပ်ရှားမှု ဦးဆောင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်သူကလည်း “ကျနော်တို့မှာ ဘာအကာအကွယ်မှ မရှိဘဲ ကျီးလန့်စားစား ကားတွေလိုဆိုရင် without ကားလို ဖြစ်နေတယ်။ တွန်းချင်ရာတွန်း၊ တိုက်ချင်ရာတိုက် တန်ဖိုး မထားဘူး။ ရေပြောင်အောင် မဆေး၊ ထားချင်တဲ့နေရာမှာ ထားမယ်။ ဖမ်းသွားလည်း အေးရောဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်”ဟု ပြောသည်။
၄င်းက ဆက်၍ “ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုနဲ့ ကျနော်တို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို အရှိန်အဟုန် မြင့်ပြီးတော့ ဆောင်ရွက်ရမယ့် အစား ကျနော်တို့မှာ ရဲအမေးအမြန်း ခံနေရပြီးတော့ လုံခြုံမှု မရှိတဲ့ ဘဝမျိုးနဲ့ ရှေ့ဆက်သွားရမလဲဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး”ဟု ပြောသည်။
အနယ်နယ် အရပ်ရပ်မှ ကျန်းမားရေးမှူးများ၏ လိုလားချက်များကို ပြည်နယ်နှင့် တိုင်းအလိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး နေပြည်တော်တွင် ကျင်းပသည့် ဗဟိုအဆင့် ဆွေးနွေးပွဲသို့ RHA/ CHA/ Bcomm.H သင်တန်းအောင်မြင်ပြီးသူ သို့မဟုတ် ဘွဲ့ရသူ ၁၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။