အစိုးရအနေဖြင့် ရွှေတကျပ်သားအပေါ် ၁ ရာခိုင်နှုန်းသာ ကုန်သွယ်လုပ်ငန်းခွန် လျှော့ချကောက်ခံရန် ရွှေလုပ်ငန်းရှင်များက လက်မှတ်ထိုး တောင်းဆိုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်ထွန်းက ပြောသည်။
ရွှေတကျပ်သားအပေါ် ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန် လျှော့ချရေးအတွက် အသင်းခွဲများရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လက်မှတ်ရေးထိုးတောင်းဆိုမှုများကို သြဂုတ်လအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းကလည်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံ လက်မှတ်ရေးထိုးကာ တောင်းဆိုလိုက်ပြီဖြစ်သည်။
ရွှေလုပ်ငန်းရှင်များ ကုန်သွယ်လုပ်ငန်းခွန် မှန်မှန်ကန်ကန် ကောက်ခံပေးနိုင်ရန် ဆွေးနွေးပွဲကို သြဂုတ်လ ၁၄ ရက်က မန္တလေးမြို့တွင် ကျင်းပခဲ့ရာ အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်ထွန်းက “အခွန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေက ခေါက်ရိုးကျိုးနေတာ ကြာပြီ။ အခုမှ ဥပဒေနဲ့အညီ တိတိကျကျ လုပ်မယ်ဆိုတော့ ပြည်သူ့အသံကို နားထောင်စေချင်လို့ ရွှေလုပ်ငန်းရှင်တွေပေါင်းပြီး တောင်းဆိုမယ်” ဟု ပြောသည်။
၁၉၉၀ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ရွှေတကျပ်သား၏ တန်ဖိုးအပေါ် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။
“ရွှေလုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်ငန်းပမာဏကို သေချာသိပြီးမှ အခွန်ဆိုင်ရာဥပဒေတခု၊ ဒါမှမဟုတ် မူတခု ချမှတ်သင့်ပါတယ်။ အဲလိုမှသာ လုပ်ငန်းရှင်၊ အစိုးရအတွက် အကျိုးရှိမယ့် အခွန်မျိုး ဖြစ်မှာပါ” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးမောင်ကိုက ပြောသည်။
ထို့ကြောင့် ၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံပေးရန် ရန်ကုန်၊ မန္တလေး၊ မွန်၊ ကရင်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ပဲခူး၊ မကွေးတိုင်းတို့မှ ရွှေလုပ်ငန်းရှင်များ စုပေါင်းရေးထိုးမည့် လက်မှတ်ပေါင်း ၃၀၀ ခန့် စုစည်းကာ ပြည်ထောင်စု အစိုးရနှင့် လွှတ်တော် အသီးသီးသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
“ဥပဒေမှာ ဘယ်ရာခိုင်နှုန်းနဲ့ ကောက်ခံရမယ်ဆိုတာ ပြဋ္ဌာန်းထားပြီးသားပါ။ ကျနော်တို့က ဥပဒေကို အကောင်အထည် ဖော်တာပဲရှိတယ်။ ဘယ်လောက်လျှော့ပေးလို့ ရတယ်ဆိုတာမျိုး မရှိပါဘူး။ သတ္ထုတွင်းမှာလည်း သူ့ထုတ်လုပ်မှုအမှန်ကို လုပ်ငန်းရှင်အနေနဲ့ ကြေညာပေးရမယ်။ အဆင့်တိုင်းမှာ စည်းမျဉ်းတွေကို လိုက်နာဖို့ လိုပါတယ်၊ မြန်မာပြည်မှာ အကုန်ထိမ်ချန်ထားကြတယ်။” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပြောသည်။
လက်ရှိတွင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ အထူးကုန်စည်ခွန်မှ အပ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းနှင့် သုညရာခိုင်နှုန်း ဆိုသည့်နှုန်းထား ၂ မျိုး ကောက်ခံလျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
လက်ရှိ ရွှေတကျပ်သား ပေါက်စျေးသည် ၈၄၀၀၀၀ ကျပ်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြစ်သော ၄ သောင်းကျပ်ကို ရွှေစတင် တူးဖော်ထုတ်လုပ်သည်နှင့် တူးဖော်ရေးကုမ္ပဏီများက ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေးဆောင်ရန် အခွန်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထိုသို့ ပေးဆောင်ပြီးပါက အခွန်ဌာနက ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ပြီးပြေစာကို တူးဖော်ရေး ကုမ္ပဏီအား ပေးမည်ဖြစ်ပြီး တူးဖော်ရရှိသည့်ရွှေအား ရွှေဆိုင်များတွင် ၄င်းပြေစာနှင့်အတူ ပြန်လည်ရောင်းချရမည်ဖြစ်သည်။
ပြေစာရှိပါက ရွှေဆိုင်များက အခွန် ခုနှိမ်ခွင့် ရရှိမည်ဖြစ်ကာ ၎င်းတို့ အမြတ်တင်ရောင်းမည့် ငွေကြေး ပမာဏ၏ ၅ ရာခိုင်နှုန်းကိုသာ ဝယ်ယူသူက ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
ယခင်က ကုန်သွယ်လုပ်ငန်းခွန်အား ဥပဒေအတိုင်း တိတိကျကျပေးဆောင်မှု မရှိခြင်း၊ သယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုအားနည်းခြင်းများကြောင့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည့်ကိစ္စသည် ရွှေလုပ်ငန်းရှင်များအတွက် အခက်အခဲတခု ဖြစ်နိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပြောသည်။
သြဂုတ်လ ၁၀ ရက်က ပြုလုပ်ခဲ့သည့် အခွန်ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မန္တလေးတိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူကလည်း “ဥပဒေရှိတာကို ဝုန်းဒိုင်းအရေးယူမယ့် အနေအထား မဟုတ်သေးပါဘူး။ ဒါကို လက်ဆင့်ကမ်းမယ်ဆိုရင် ရှိပြီးသား ဥပဒေက အသက်ဝင်လာမယ်” ဟု ပြောဆိုထားသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၁၅- ၁၆ ဘဏ္ဍာရေးနှစ်က ရွှေလုပ်ငန်းမှ ကျပ်သန်းပေါင်း ၄၅၁ ဒဿမ ၅၆၆ အခွန်ဝင်ငွေ ရရှိခဲ့ကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန၏ စာရင်းများအရ သိရသည်။