မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးအရ ပိတ်ဆို့ထားမှု (ဆန်ရှင်) ဖျက်သိမ်းရေး ကြိုးပမ်းပေးရန် အဆိုသည် သြဂုတ်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပယ်ချခံခဲ့ရသည်။
အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီိမှ သာစည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက “အမေရိကန်နိုင််ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှု ရုတ်သိမ်းရေးအတွက် နိုင်ငံတော် အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့သော်လည်း အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကြီးစိုးထားသည့် လွှတ်တော်က ပယ်ချလိုက်သည်။
မြန်မာနိုင်ငံအတွက် အဓိက အတားအဆီးဖြစ်နေသည့် အမေရိကန်နိုင်ငံ၏ ဆန်ရှင် ၈၀ ရာခိုင်နှုန်းမှာ ဖြေလျော့ ပေးလိုက်ပြီး ဖြစ်ကြောင်း၊ ကျန်သည့် ၂၀ ရာခိုင်နှုန်းမှာလည်း တဦးချင်းစီအပေါ်တွင် ပိတ်ဆို့ထားခြင်းသာ ဖြစ်သည်ကြောင်း NLD ပါတီမှ အောင်မြေသာဇံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက ဧရာဝတီသို့ ပြောသည်။
“တဦးချင်းစီ ပိတ်ဆို့ထားတာကလည်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ အနှောင့်အယှက် ဖြစ်နေတယ်လို့ ယူဆတဲ့အတွက် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အနေနဲ့ တိုက်တွန်းဖို့ မလိုအပ်ဘူးလို့ ထင်လို့ ကန့်ကွက်မဲ ပေးလိုက်ကြတာပါ” ဟု ဒေါက်တာ လှမိုးက ပြောသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် မဲခွဲဆုံးဖြတ်မှုတွင် ဆန္ဒမဲပေးသူပေါင်း ၃၈၆ ဦးရှိခဲ့ရာ ယင်းအဆိုကို ထောက်ခံသူ ၁၅၁ ဦး၊ ကန့်ကွက်သူ ၂၁၉ ဦးနှင့် ကြားနေ ၁၆ ဦး ရှိခဲ့သည်။
အမေရိကန်က စီးပွားရေးပိတ်ဆို့မှုသည် ၁၉၉၇ ခုနှစ်၊ မေလတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က စစ်အစိုးရ၏ ဒီမိုကရေစီအရေး ဆန့်ကျင်မှု၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဖိနှိပ်ခဲ့ခြင်းတို့ကြောင်း ဖြစ်သဖြင့် ယနေ့ခေတ်ကာလတွင် ထိုအခြေအနေမျိုး မရှိသင့်တော့ကြောင်း အဆိုတင်သွင်းသူ ဦးသန်းစိုးက လွှတ်တော်တွင် ဆွေးနွေးသည်။
“ပိတ်ဆို့အရေးယူခဲ့စဉ်က ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေလည်း မရှိတော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံကို ဆက်လက် ပိတ်ဆို့နေခြင်းဟာ မြန်မာဒီမိုကရေစီ ပဒေသာပင်ကို သင်းသတ်နေသလို ဖြစ်ပါတယ်” ဟု ကြံ့ခိုင်ရေးပါတီမှ ဦးသန်းစိုးက ပြောသည်။
ထို့ကြောင့် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေး ပိတ်ဆို့မှု သက်တမ်း ၁ နှစ် ထပ်တိုးခြင်းကို ရုတ်သိမ်းနိုင်ရေးအတွက် အစိုးရအနေဖြင့် ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဦးသန်းစိုးက လွှတ်တော်တွင် တင်ပြခဲ့သည်။
နိုင်ငံတနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွ့ံဖြိုးမှု ရေခံမြေခံ မကောင်းလျှင် ဒီမိုကရေစီ ဆိုသည်မှာ အိမ်မက်မျှပင် ဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ မရလျှင် ဒီမိုကရေစီ ဖွ့ံဖြိုး တိုးတက်မှုမှာ မြန်ဆန်တော့မည် မဟုတ်ကြောင်းလည်း သူက ပြောသည်။
ယခုအဆိုကို လွှတ်တော်က ပယ်ချလိုက်ခြင်းသည် လွှတ်တော် ကိုယ်စားလှယ်များ၏ အခွင့်အရေး ဖြစ်သော်လည်း အဆိုကို လက်ခံဆွေးနွေးမည်ဆိုပါက ထောက်ခံသူနှင့် ကန့်ကွက်သူများကြား အမြင် ၂ ဖက်ကို ကြားသိခွင့် ရမည်ဟု မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောသည်။
“ဆန်ရှင် ကိစ္စကလည်း ဒီအစိုးရက ဆုံးဖြတ်လို့ရမှာ မဟုတ်ဘူး။ အဆုံးအဖြတ်က အမေရိကန် အစိုးရအပေါ်မှာ မူတည်တာ။ အစိုးရ လုပ်လို့မရတာကို သွားတိုက်တွန်းလို့လည်း အဆင်မပြေနိုင်ဘူးဆိုတာ သိရင် ကောင်းတာပေါ့” ဟု ဦးစိုင်းသီဟကျော်က ဧရာဝတီသို့ ပြောသည်။
မြန်မာနှင့် အမေရိကန် ပြည်ထောင်စုတို့၏ တိုက်ရိုက် ထိတွေ့ဆက်ဆံမှု မူဝါဒသည် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ပိုမို သွက်လက်လာခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်လည်ပတ်ခြင်း၊ နောက်ပိုင်းတွင် အမေရိကန် သမ္မတ အိုဘာမား ကိုယ်တိုင် လာရောက်လည်ပတ်မှုများ ရှိခဲ့သည်။
၂၀၁၂ ဇူလိုင်လမှ စတင်ကာ မြန်မာနှင့် အမေရိကန်တို့အကြား သံအမတ်ကြီးအဆင့် ပြန်လည် ဆက်ဆံခဲ့ပြီး မြန်မာပို့ကုန် မူဝါဒတချို့ကိုလည်း အမေရိကန်က ဖြေလျှော့ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။