၁၉၅၀ ခုနှစ်ပိုင်းများ ကာလတွင် ကလေးတယောက်အနေနှင့် တင်ထွန်းသည် ဗိုလ်အောင်ကျော်လမ်း ယခင် Sparks လမ်းမှ ၎င်း၏ နေအိမ်ရှေ့ရှိ ရန်ကုန်မြို့ အတွင်းဝန်ရုံး၏ မြက်ခင်းပြင်ပေါ်တွင် ဘောလုံးကစားခဲ့သည်။
“အဲဒီတုန်းကတော့ အတွင်းဝန်ရုံးက လွတ်လွတ်လပ်လပ် ဝင်လို့ရတယ်။ အပြင်လူတွေလည်း ဝင်ကြ လမ်းလျှောက်ကြ၊ ကြည့်ကြတာပဲ။ အဲဒီ အဆောက်အအုံနားမှာ နေတဲ့ ကလေးတွေအနေနဲ့ အန်ကယ်တို့ကတော့ ဝင်းထဲဝင် ကစားခဲ့ကြတာပဲ” ဟု အသက် ၇၁ နှစ် ရှိပြီဖြစ်သည့် ဦးတင်ထွန်းက ပြောသည်။
“ကျနော်ကတော့ အတွင်းဝန်ရုံးကို ပြည်သူပိုင်အဖြစ်ပဲ ထားရှိစေချင်တယ်” ဟု ဦးတင်ထွန်းက အတွင်းဝန်ရုံးမှ မလှမ်းမကမ်းတွင် ရှိသည့် သူ၏အိမ်တွင် ထိုင်လျက်ပြောသည်။
လက်ရှိတွင် ၀ါးငြမ်းစင်များ ထိုးထားသည့် နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိ ကိုလိုနီခေတ် အဆောက်အအုံကို ပလက်ဖောင်းနှင့် ကပ်လျက်မှ ခြံစည်းရိုးနောက်တွင် တွေ့မြင်နိုင်ပါသည်။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ၁၆ ဧကပေါ်၌ နေရာယူ တည်ဆောင်ထားသည့် အတွင်းဝန်ရုံးသည် ပြန်လည် ပြုပြင်ထိန်းသိမ်းရန်အတွက် ပိတ်ထားခဲ့သည်။ အတွင်းဝန်ရုံးသည် ကိုလိုနီခေတ်နှင့် လွတ်လပ်ရေး ရပြီးချိန်တွင် အင်္ဂလိပ်-မြန်မာ အစိုးရများ ရုံးထိုင်သည့် ဌာနချုပ်အဖြစ် အသုံးပြုခဲ့ကြပြီး သမိုင်းကြောင်းအရ အလွန် အရေးပါခဲ့သော်လည်း ဆယ်စုနှစ်များစွာ ကြာအောင် ထိန်းသိမ်း စောင့်ရှောက်မှုမရှိ လျစ်လျူရှုခြင်း ခံခဲ့ရသည်။
ဗြိတိသျှထံမှ လွတ်လပ်ရေးရရန် ဆွေးနွေးညှိနှိုင်းခဲ့သော အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဖက် ၈ ဦးတို့သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အတွင်းဝန်ရုံး၏ ဒုတိယထပ်ရှိ အခန်းတခန်း၌ နိုင်ငံရေး ပြိုင်ဖက်တဦး၏ လုပ်ကြံခြင်း ခံခဲ့ရသည်။ ထိုနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့သည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ မနက် ၄ နာရီ ၂၀ မိနစ်တွင် ကျင်းပသော မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခြင်းကို ကြိုဆိုသည့် အခမ်းအနားကိုလည်း အတွင်းဝန်ရုံးတွင် ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ပါလီမန် အဆောက်အဦးလည်း ရှိခဲ့သည်။
၁၉၆၂ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အများပြည်သူ ဝင်ရောက်ခြင်းကို ကန့်သတ်ခဲ့ပြီး ထို အဆောက်အအုံကို ဝန်ကြီးများရုံးအဖြစ် ပြောင်းလဲခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရက အစိုးရဝန်ထမ်းများအား မြို့တော်သစ် နေပြည်တော်သို့ ပြောင်းရွှေ့ရန် ညွှန်ကြားချက် ထုတ်သည့်အချိန်ထိ တိုင်အောင် ဝန်ကြီးများရုံး အဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ဂရုစိုက်ခြင်းမရှိဘဲ စွန့်ပစ်ထားခဲ့သည်။
၂၀၁၀ တွင် အစိုးရက ပြန်လည်မွမ်းမံမှု အနည်းငယ် ပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အတွင်းဝန်ရုံးကို ရန်ကုန်မြို့ရှိ အစိုးရပိုင် တခြား ကိုလိုနီခေတ် အမွေအနှစ် အဆောက်အအုံများ နှင့်အတူ ပုဂ္ဂလိကလက်သို့ လွှဲပြောင်းရန် အစီစဉ်များကို အသိပေးခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ယခင် စစ်အစိုးရ ဗိုလ်ချုပ်ဟောင်း တဦးဖြစ်သည့် ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၏ မိသားစုဝင်များ ပါဝင်သည့် အနော်မာ အနုပညာအဖွဲ့မှ အတွင်းဝန်ရုံးကို ပြန်လည် ပြုပြင်ထိန်းသိမ်းရန်နှင့် ပြတိုက်အဖြစ် ပြန်လည် အသုံးချရန် တင်ဒါ အောင်မြင်ခဲ့သည်။
ယခုအခါ နှစ်ပေါင်း ၅၀ ကျော်ကြာအတွင်း ပထမဆုံး ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ထားသော အစိုးရသစ် တက်လာပြီးနောက် ထိုအဆောက်အအုံမှာ အများပိုင်အဖြစ် တနည်းနည်းဖြင့် ပြန်လည် ဖြစ်လာမည်ဆိုသော မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။
“ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက အတွင်းဝန်ရုံးကို ပြည်သူပိုင်အဖြစ် ပြန်လည် ထားရှိဖို့ စဉ်းစားလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံ ဗိသုကာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမော်လင်းက ပြောသည်။
“ဒါက မြို့ပြ အမွေအနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်နဲ့ သမိုင်းအမွေအနှစ်နေရာ တခုပါ။ အဲဒီလို အဆောက်အအုံမျိုးကို အစိုးရကပဲ ကိုင်ပြီး ပြည်သူတွေအတွက် ဖွင့်ပေးသင့်ပါတယ်” ဟု ဦးမော်လွင်က ပြောသည်။
သို့သော်လည်း အဆောက်အအုံ၏ အနုသုခုမ လက်ရာများ၊ အရေးပါသော ဗိသုကာ လက်ရာများနှင့် သမိုင်းကြောင်းအရ ယခင်က အုပ်ချုပ်ရေး အချက်အခြာ နေရာဖြစ်ခဲ့ခြင်း စသည်များထက် မြန်မာပြည်သူများအကြား အတွင်းဝန်ရုံး၏ အဓိကပုံရိပ်မှာ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ လွတ်လပ်ရေး ခေါင်းဆောင်များ သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံခဲ့ရသော တမျိုးသားလုံးအတွက် ကံဆိုးမိုးမှောင်ကျသော နေရာတခုအဖြစ် စွဲထင်အမှတ်ရသည့် နေရာဖြစ်သည်။
ထိုအဆောက်အအုံကို ပထမဆုံး အနေဖြင့် ၂၀၁၄ ခုနှစ် အာဇာနည်နေ့တွင် အများပြည်သူကို ဖွင့်လှစ်ပေးခဲ့ပြီး ကျန်အချိန်များ အတွင်း ပိတ်ထားခဲ့သည်။ ယခုနှစ် အာဇာနည်နေ့တွင်လည်း တတိယ အကြိမ်မြောက်အဖြစ်် ပြည်သူများကို ဝင်ခွင့်ပေးခဲ့သည်။ ထိုဆောက်အအုံ ပတ်လည်တွင် လူတန်းကြီးမှာ ရှည်လျားခဲ့သည်။ ပထမဆုံးအနေဖြင့် ရန်ကုန်တိုင်း အစိုးရကလည်း ထိုနေရာတွင် ဂုဏ်ပြုအထိမ်းအမှတ် အခမ်းအနားတခုကို ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အတွင်းဝန်ရုံး ပြန်လည် ပြုပြင်မွမ်းမံခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အနော်မာ အနုပညာအဖွဲ့နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust) သည် ရန်ကုန်မြို့၏ ရှေးဟောင်းဗိသုကာ အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းတခု ဖြစ်သည်။
အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၏ မြေးဖြစ်သူ အနော်မာအဖွဲ့မှ ဒါရိုက်တာ ဦးစိုးသွင်ထွန်းက အနော်မာ အဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်တွင် အတွင်းဝန်ရုံးတင်ဒါ အောင်မြင်ခဲ့သော်လည်း YHT နှင့်ပူပေါင်း၍ Conservation Management Plan (CMP) ဆိုသည့် မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်သင့်သည် ဆိုသည့် စည်းကမ်းချက် အစီအစဉ်များကို တင်ပြပြီးသည့့် ပြီးခဲ့သည်နှစ် အောက်တိုဘာလမှသာ အကြီးစား ပြင်ဆင်ခွင့်ကို ရရှိခဲ့သည်ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
၂၀၁၇ ခုနစ် ဇူလိုင် ၁၉ တွင် ကျရောက်မည့် နှစ် ၇၀ ပြည့်နှစ် အာဇာနည်နေ့တွင် အာဇာနည်များ ကျဆုံးသွားသည့် အစည်းအဝေးခန်းနှင့် ပါလီမန်အဆောက်အဦကို သမိုင်းပြတိုက်အနေဖြင့် အများပြည်သူများကို ဖွင့်လှစ်ပြသရန် ကြိုးစားနေကြောင်း ဦးစိုးသွင်ထွန်းက ပြောသည်။ ပြတိုက်ကို တပတ်လျှင် ၃ ရက်မှ ၄ ရက်အထိ ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
“ပန်းချီနဲ့ လက်မှုပညာတွေကို စုဆောင်းသူတွေ အနေနဲ့ ကျနော်တို့က ပြတိုက်ဖွင်ဖို့ကို အရင်တည်းက စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ပြတိုက်တခုတည်းနဲ့က အဆောက်အအုံကို ပြန်လည်မွမ်းမံဖို့နဲ့ ထိန်းသိမ်းဖို့ ကုန်ကျစရိတ်တွေ ကာမိဖို့ မလွယ်ပါဘူး။ အဲဒါကြောင့် ရေရှည်ထိန်းသိမ်းဖို့အတွက် စီးပွားရေးတခုခု လုပ်ဖို့လိုတယ် ကျနော်တို့ (အရင်) အစိုးရ လက်ထက်ကတည်းက တင်ပြခဲ့ပါတယ်” ဟု ဦးစိုးသွင်ထွန်းက ပြောသည်။
အဆောက်အအုံ ပြန်လည် မွမ်းမံခြင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အနော်မာအဖွဲ့က နှစ် ၅၀ ငှားရမ်းခွင့်ရထားသည့် အတောအတွင်း သမိုင်းပြတိုက်၊ အနုပညာ ပြတိုက်များအပြင် စာကြည်တိုက်တခု ဖွင့်လှစ်ရန်၊ တချို့ အပိုင်းများတွင် ရုံးခန်းများနှင့် စားသောက်ဆိုင်များ ငှားရမ်းဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။
“ပြည်သူပိုင်ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင်ပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အတွင်းဝန်ရုံးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးဖို့ပါပဲ။ ဟိုတယ် ဒါမှမဟုတ် စျေးဝယ်စင်တာ ဆောက်နေတာလည်း မဟုတ်ပါဘူး။ စိတ်ဝင်စားတဲ့ ဘယ်သူမဆို လာရောက် လေ့လာနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ဦးစိုးသွင်ထွန်းက ပြောသည်။
ပြီးခဲ့သည့်နှစ်က အနော်မာ အနုပညာအဖွဲ့သည် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်၏ သမီးဖြစ်သူ ဒေါ်သီသီထွန်း၏ မွေးနေ့ပါတီပွဲကို အတွင်းဝန်ရုံးတွင် ကျင်းပခဲ့သောကြောင့် ပြည်သူများ၏ မကျေနပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် ကုမ္ပဏီက အဆောက်အအုံ ပြန်လည် ထိန်းသိမ်း စောင့်ရှောက်ခြင်းအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ လုပ်ခြင်းသာဖြစ်ကြောင်း ပြောသည်။
“အာဇာနည်နေ့က အတွင်းဝန်ရုံးကို ထောင်နဲ့ချီတဲ့လူတွေ လာတာတွေ့တဲ့အတွက် ကျနော် တကယ်ကို ဝမ်းသာပါတယ်။ ဒါက သမိုင်းဝင်နေရာတခု၊ ပြီးတော့ ကျနော်တို့ရဲ့ အမွေအနှစ် တစိတ်တပိုင်းဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် မဖြစ်သင့်ပါဘူး။ အဲဒီအစား ပြည်သူတွေက ပိုင်ဆိုင်သင့်ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရန်ကုန်တိုင်း လွှတ်တော် ဗိုလ်တထောင်မြို့နယ် လွှတ်တော်အမတ် ဦးအောင်ထူးက ပြောသည်။
ဦးအောင်ထူးက လာမည့် လွှတ်တော် အစည်းအဝေးတွင် အတွင်းဝန်ရုံးကို ပြည်သူပိုင်အဖြစ် ပြန်လည်ထားရှိရန် အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်း ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သင်္ဃန်းကျွန်းမြို့နယ် NLD လွှတ်တော် အမတ်တဦးဖြစ်သူ ဦးနေဘုန်းလတ်က ယခင်အစိုးရနှင့် အနော်မာအဖွဲ့ကြား သဘောတူညီချက်ကိုနှင့် စာချုပ်ကို အစိုးရသစ်အနေနှင့် ပြန်လည် စစ်ဆေး သုံးသပ်သင့်ကြောင်း ပြောသည်။
အဆောက်အုံက ပိုပြီးအရေးပါလေ၊ ကန့်သတ်ချက်တွေ ပိုလိုအပ်လေ ဖြစ်ပါတယ်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT) မှ ဒါရိုက်တာနှင့် ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါ်မိုးမိုးလွင်က ပြောသည်။
“အတွင်းဝန်ရုံးကတော့ သူ့ရဲ့ အရေးပါမှုက အရမ်းမြင့်တယ်။ သမိုင်းကြောင်း အရတင်မကဘဲ သူက တည်နေရာအရလည်း အရေးပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်မှာ ငုတ်တိုင်ကြီး ထိုင်နေသလိုကို ရှိနေတာ။ ပတ်ဝန်းကျင်မှာလည်း သစ်ပင်တွေ ရှိတဲ့အတွက် အတွင်းဝန်ရုံးက ရန်ကုန်မြို့ရဲ့ အသက်ရူပေါက်တခုလို ဖြစ်နေတာ” ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။
YHT က အတွင်းဝန်ရုံးအား ပြုပြင်မွမ်းမံရန် အနော်မာအဖွဲ့အား မလွှဲပြောင်းမီ Conservation Management Plan (CMP) ကို ရေးဆွဲရန် အကြံပြု တိုက်တွန်းခဲ့ပြီး နောက်ပိုင်းတွင် ပူးပေါင်းရေးဆွဲခဲ့သည်။
“ဒါပေမဲ့ ကုမ္ပဏီက CMP အတိုင်း တကယ်လိုက်နာမှုရှိ မရှိကို စောင့်ကြည့်ဖို့ စနစ် မရှိသေးဘူး။ အစိုးရအနေနဲ့ ဒါတွေကို အနီးကပ်စောင့်ကြည်ဖို့ စနစ်ရှိသင့်ပါတယ်” ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။
CMP အရ အနော်မာအဖွဲ့သည် အတွင်းဝန်ရုံးတွင် တခုခု ပြုပြင်ပြောင်းလဲချင်ပါက YHTနှင့် အစိုးရကို အရင် ဆွေးနွေး တိုင်ပင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗိသုကာတဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရပ် မဟာသိပ္ပံဘွဲ့ရ ဒေါ်မိုးမိုးလွင်က ၄င်းတို့အနေနှင့် အတွင်းဝန်ရုံးကို ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများအတွက် အစိုးရမှဆောင်ရွက်ရန် ယခင်တည်းက အားပေးခဲ့ပြီး အစိုးရနာမည်နှင့်ဆိုလျှင် ချေးငွေနှင့် ထောက်ပံ့ငွေများလည်း ပိုလွယ်နိုင်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူ့ကိုယ်စားလှယ် များပါဝင်မှု ပိုရှိနိုင်ကြောင်း ပြောသည်။
သို့သော် ပုဂ္ဂလိကက ပြင်သော်လည်း ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အများ ပြည်သူများ ဝင်ထွက်ခွင့်ကို အလေးအနက်ထား၍ မှန်မှန်ကန်ကန် ပြန်လည် အသုံးချနိုင်လျှင် ကျေနပ်စရာကောင်းပြီး အဆောက်အအုံကြီးအား ရေရှည် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် စီးပွားရေးအရ ငွေကြေးရှာဖွေသော လုပ်ငန်းများ လုပ်ကိုင်ခဲ့လျှင်လည်း လျော်ကန်သင့်မြတ်သည့် လုပ်ငန်းမျိုးသာ ဖြစ်ရမည်ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော စမ်းယမင်းအောင်၏ Will Rangoon’s Secretariat be Returned to the Public? ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်။