မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့၊ကန်သာ ၅ လမ်းအတွင်း သြဂုတ် ၁၄ ရက် ညဉ့်နက်ပိုင်းက လည့်ကင်းတာဝန် ဆောင်ရွက်နေသည့် လုံခြုံရေးရဲ တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားအချို့ ပါဝင်သည့် လူငယ်များအကြား စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မကွေးမြို့ ကန်သာ ၅ လမ်းရှိ မြတ်မဥ္ဇူဘော်ဒါဆောင်ရှေ့တွင် စုဝေးထိုင်နေသည့် တပ်မတော်သားများ ပါဝင်သည့် လူငယ် ၁၀ ဦးခန့်ကို လှည့်ကင်းလုံခြုံရေး တပ်ဖွဲ့ဝင်များက ညဉ့်နက်နေသည့်အတွက် အိမ်ပြန်ရန်ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး လုံခြုံရေးရဲတပ်ဖွဲ့ ခေါင်းဆောင်က သေနတ်ဖြင့် ပစ်ခတ်ဟန့်တားခဲ့ခြင်းဖြစ်သည်။
မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးတင်ထွန်းက “ဒီအမှုကို စစ်ဆေးဆောင်ရွက်ဆဲပဲ ရှိသေးတယ်၊ ဖမ်းဆီးအရေးယူထားတဲ့သူလဲ မရှိသေးဘူး”ဟု ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
သို့သော် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တပ်မတော်သားများမှာ မည်သည့်တပ်ရင်း၊ တပ်ဖွဲ့ မှဖြစ်ကြောင်းနှင့် ဖြစ်စဉ်အသေးစိတ်တို့ကို မကွေးမြို့နယ် ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
လုံခြုံရေး ရဲတပ်ဖွဲ့ခေါင်းဆောင်၏ ပစ်ခတ်မှုကြောင့် တပ်မတော်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် မကွေးဆေးရုံကြီးတွင် ကုသမှုခဲ့ယူနေရကြောင်း ၎င်းက ဆက်ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးနေမင်းကျော်က “နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကျင်းထုံးစည်းမျဉ်းတွေကို လိုက်နာကျင်းသုံးဖို့ လိုအပ်နေပြီ ” ဟု ပြောသည်။
ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ မကွေးမြို့ရဲစခန်းက တာဝန်ဝတ္တရား ဆောင်ရွက်စဉ် ဝန်ထမ်းအား ထိခိုက်နာကျင်စေမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။