ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွတ် ကျေးရွာအုပ်စုက ကချင်အရပ်သား ၂ဦးကို ကချင် လွတ်လပ်ရေး တပ် မတော် (KIA) နှင့် ဆက်နွယ်မှုဖြင့် တပ်မတော်က ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူသွားရန် စီစဉ်နေသည် ဟု သတင်း ရရှိသည်။
အဆိုပါ ကချင်အရပ်သား နှစ်ဦးမှာ ဦးဂလန်ခမ်းအောင် နှင့် ဦးအင်ဒေါင်ဂမ်အောင်တို့ ဖြစ်ပြီး ၎င်းတို့သည် ဝါရာဇွတ် ကျေးရွာအုပ်စု၊ ရှထူးဇွပ်ရွာ နှင့် စံပြရွာတို့မှ ဖြစ်သည်ဟု ဝါရာဇွပ် ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးနော်ဒီးက ဧရာဝတီကို ပြောသည်။
၎င်းတို့နှစ်ဦးကို သြဂုတ်လ ၁၂ ရက် ညနေ ၅နာရီခန့်က တပ်မတော် မိုးကောင်းအခြေစိုက် တပ်ဖွဲ့များက ၎င်းတို့ စစ်ကြောင်းအနီးတွင် တွေ့ရှိ၍ ဖမ်းဆီး စစ်ဆေးရာ KIA က တာဝန် ပေးခံထားရသူများ ဖြစ်ကြောင်း ထွက်ဆို ခဲ့သည်ဟု သိရသည်။
စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ ကချင်ပြည်နယ် ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဖော်လဂန်ဖန် က “သူတို့က ရာထူးရှိတာတော့ မဟုတ်ပါဘူး။ အလွန်ဆုံးရှိမှ အကြပ်တပ်သားတွေပဲ ရှိမှာပါ။ တိုင်းရင်းသား ဒေသမှာက အကြောင်း အမျိုးမျိုးကြောင့် တာဝန်ပေးခံရတဲ့ သူတွေ ရှိပါတယ်။ သူတို့က သာမန်အရပ်သား တွေဖြစ်ပြီး အဖွဲဲ့ အစည်း က အခိုင်းခံရတဲ့ သူတွေလို့ပဲ ယူဆပါတယ်”ဟု ပြောသည်။
အဆိုပါ နှစ်ဦးကို ဖမ်းဆီးသည်မှာ တပ်မတော် မိုးကောင်းမြို့ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၃၈၂ ဖြစ်သည်ဟု လည်း ဦးဖော်လဂန်ဖန်က ပြောပြသည်။
ဆက်လက်ပြီး ဦးဖော်လဂန်ဖန်က “တာဝန်ခံဗိုလ်မှူး (တပ်မတော်က)က ဖုန်း အဆက်အသွယ်နဲ့ ကျနော့်ကို ပြောတာ ကတော့ တိုင်းကိုလွှဲမယ်။ ပြီးတော့ ၁၇(၁) (မတရားအသင်း ဆက်သွယ်မှု) လိုမျိုး ပုဒ်မတွေ တပ်ပြီး ရဲဘက်ကို ပြန် လွှဲမယ်။ တရားရုံးမှာ သူတို့ ထွက်ဆိုချက်တွေ အပေါ် မူတည်ပြီးတော့ ဆက် ဆောင်ရွက်မှာလို့ သိရပါတယ်”ဟု ပြောဆိုသည်။
သြဂုတ်လ ၁၁ ရက်ကလည်း အဆိုပါ ခလရ ၃၈၂ က ကချင် တိုင်းရင်းသား တဦးနှင့် ဗမာတိုင်းရင်းသား တဦးတို့ကို KIA နှင့် ဆက်နွယ်သည်ဟု ယူဆပြီး ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ဦးဖော်လဂန်ဖန်က သွားရောက် မေးမြန်းခြင်းများ ပြုလုပ်ပြီးနောက် အရပ်သားများ ဖြစ်နေ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဦးဖော်လဂန်ဖန်က ၎င်းတို့ ပါတီအနေဖြင့် ထိုကဲ့သို့ တပ်မတော်မှ ခေါ်ယူူစစ်ဆေးခံရသည့် အရပ်သားများ ကိစ္စကို လိုက်လံ ဆောင်ရွက်ပေးနေသဖြင့် ယခု ကိစ္စတွင်လည်း တပ်မတော်ဘက်သို့ အသနားခံစာ တင်ပေးမည်ဟု ဆိုသည်။
ဝါရာဇွပ် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးနော်ဒီး ကလည်း “ကျနော်တို့ ရွာသားတွေ အဖမ်းခံရတယ် ဆိုတော့ အဖမ်း ခံရကတည်းက ပြန်လွှတ်ပေးဖို့ ကျနော်သွား မေးမြန်းပြီး လွှတ်ပေးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ နောက်တော့ သူတို့က အပြစ် ကို ဝန်ခံလိုက်ပြီလို့ပဲ ကြားလို့ ကျနော်လည်း ဆက်ဆောင်ရွက် မရတော့ပါဘူး”ဟု ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးနော်ဒီးက အဆိုပါ အဖမ်းခံရသူ ၂ဦးကို KIA တပ်ဖွဲ့ဝင်များဟု မသိရှိကြောင်း၊ ထို နှစ်ဦးသည် ကျေးရွာ တွင် တောင်ယာ လုပ်ကိုင်သူများ အဖြစ်သာ သိရှိကြောင်းလည်း ဧရာဝတီကို ပြောသည်။
ဖမ်းဆီးခံရသူ နှစ်ဦးသည် အဖမ်းခံရစဉ်က အရပ်သားဝတ်စုံများဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ လက်နက် ခဲယမ်းများ ဖမ်းဆီးမိခြင်း မရှိပါ။
ယခင်ကလည်း ဝါရာဇွတ် ကျေးရွာအုပ်စုမှ ရွာသား ၂ဦးကို KIA ဟု စွပ်စွဲကာ တပ်မတော်က ဖမ်းဆီးဖူးကြောင်း၊ ထို့နောက် လအတော်ကြာ အထိ အကျဉ်းချထားပြီး ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဝါရာဇွပ် ကျေးရွာအုပ်စုသည် KIA တပ်ရင်း (၁၄) ၏ တပ်စခန်းများနှင့် နီးသည့် ကျေးရွာအုပ်စု တစု ဖြစ်ကြောင်း သိရသည်။
တပ်မတော်နှင့် KIA တပ်ရင်း ၁၄ သည် ဇူလိုင်လ ကုန်ပိုင်းမှ စတင်၍ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။
သြဂုတ်လ ၁၅ ရက်ကလည်း တပ်မတော်နှင့် KIA တပ်ရင်း ၁၄ တို့ တိုက်ပွဲဖြစ်ပွားထားသည်။
ဖားကန့်မြို့နယ် အတွင်းရှိ နမ့်ယား နှင့် တံတားညီနောင် တို့ အနီးတွင်လည်း တပ်မတော်နှင့် KIA တပ်ရင်း (၆) တို့ သြဂုတ်လ ၁၅ ရက်က တိုက်ပွဲ ၂ နေရာ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း နမ့်ယား အနီးရှိ အလယ်တန်းကျောင်း တကျောင်း လက်နက်ကြီး ကျပြီး ကျောင်းဆရာမ တဦး လက်နက်ကြီး ကျည်ဆန် ထိမှန်ကာ လက်ရှိတွင် ဆေးရုံးတင်ထား ရသည်ဟု သိရသည်။
ထို့ပြင် နမ့်ယားရှိ ဒေသခံ အိမ် ၃အိမ်မှာလည်း တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများ က ဧရာဝတီ ကို ပြောသည်။
ကျောင်းဆရာမတဦး လက်နက်ကြီး ကျည်ဆန်ထိမှန်ခြင်းနှင့် ဒေသခံ အိမ် ၃ အိမ် မီးလောင် ခဲ့သည်တို့သည် တပ်မတော်ဘက်မှ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဒေသခံများ၏ စွပ်စွဲ ပြောဆိုမှုများလည်း ရှိနေသည်။
သို့သော် ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူထံမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်း တနိုင်းမြို့နယ် ရှိ KIA တပ်ရင်း (၁၄) ၊ ဖားကန့်မြို့နယ် ရှိ KIA တပ်ရင်း (၆) နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIA တပ်မဟာ (၆) နှင့် (၄) တို့တွင် တပ်မတော်နှင့် သြဂုတ်လ အစမှ စ၍ စစ်ရေး အခြေအနေ တင်းမာလျက် ရှိသည်။
KIA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ဖြစ်သည်။
သို့သော် အစိုးရက သြဂုတ်လ ၃၁ ရက်တွင် စတင်ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြား ထားပြီး KIA ကလည်း ပြင်ဆင်လျက် ရှိကြောင်း သိရသည်။