သတင်း

ကြံ့ခိုင်ရေး ညီလာခံတွင် ဦးရွှေမန်း အပါအဝင် ထုတ်ပယ်ထားသူများ အရေး ဆွေးနွေးရန် မရှိဟုဆို

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ) ညီလာခံ၌ သူရဦးရွှေမန်း အပါအဝင် ပါတီမှ ထုတ်ပယ်ထားသူများနှင့် ပတ်သက်ပြီး ဆွေးနွေးမည့် အစီအစဉ် မရှိကြောင်း ကြ့ံခိုင်ရေး ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခင်ရီက ပြောသည်။

“ထုတ်ပယ်ထားတဲ့ သူတွေကို ပါတီရဲ့စည်းမျဉ်းစည်းကမ်းနဲ့ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ပြီးပြီ။ ညီလာခံမှာ သူတို့နဲ့ ပတ်သက်လို့ ဘာမှ ဆွေးနွေးစရာ မရှိပါဘူး”ဟု ဦးခင်ရီက ဧရာဝတီကို ပြောပြသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုညီလာခံကို နေပြည်တော်ရှိ ပါတီ ရုံးချုပ်၌ သြဂုတ်လ ၂၂ ရက်တွင် စတင်ကျင်းပမည် ဖြစ်ပြီး ပါတီ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး နှင့် ဗဟို ကော်မတီဝင်များကို ပြန်လည် ရွေးချယ်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကြံ့ခိုင်ရေးပါတီ ပူးတွဲ ဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်း တာဝန်ယူချိန် ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ပါတီအတွင်း သန်းခေါင် ယံ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ပြန်လည် ထမ်းဆောင် ခဲ့သည်။

ထို့နောက်ပိုင်း ၂၀၁၆ ခုနှစ် ဧပြီ ၂၂ ရက်တွင် ဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် တချို့ကို ထုတ်ပယ် ကြောင်း ကြေညာ သည်။

ပါတီမှ ထုတ်ပယ်ခြင်းနှင့် ပါတီတွင်းပြဿနာကို ဖြေရှင်းရန် သူရဦးရွှေမန်းနှင့် ထုတ်ပယ်ခံရသည့် ပါတီ ဗဟို ကော်မတီဝင် များ က ဦးဆောင်ပြီး လက်မှတ်ထိုး၍ ယခုနှစ် မေလ နောက်ဆုံးပတ်၌ အရေးပေါ်ညီလာခံ ခေါ်ယူပေးရန် ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ထံသို့ ဧပြီ ၂၉ ရက် က တင်ပြ တောင်းဆိုခဲ့သော်လည်း ပါတီဗဟိုက ပယ်ချခဲ့သည်။

ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ်ခြင်း ခံထားရသည့် ဗဟို ကော်မတီဝင်ဟောင်း ဦးဇော်မြင့်ဖေက “မတရားသဖြင့် လုပ်ခဲ့တာတွေ ကို တရားဝင်ပါတယ်ဆိုပြီး လုပ်နေတာပါပဲ။ ပါတီတွင်း ဒီမိုကရေစီကို ရိုက်ချိုးခဲ့တာပါ။ ညီလာခံကို ဖိတ်တာလည်း မရှိ သလို ကိုယ်တို့နဲ့ ပတ်သက်သူတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် ညီလာခံ မလာတော့ပါဘူးလို့ ဆိုတာတွေ ဖြစ် နေပြီ”ဟု ပြောသည်။

ကြံ့ခိုင်ရေး ပါတီ အနေဖြင့် မူလက ပါတီဝင် ၁၇ ဦးကို ထုတ်ပယ်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း ၂ ဦးကို ပြန်လည် ပယ်ဖျက်ပေးခဲ့သည့် အတွက် သူရဦရွှေမန်းအပါအဝင် ကျန်ရှိသည့် ၁၅ ဦးတွင် အများစုသည် လက်ရှိ လွှတ်တော်၌ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ ဆန်းစစ်လေ့လာ သုံးသပ်ရေး ကော်မရှင်တွင် တာဝန် ထမ်းဆောင်နေသူများ ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီတွင်း ပြဿနာများအပေါ် လက်ရှိ ဦးဆောင်သူများ အနေဖြင့် ၂၀၁၂ ခုနှစ် ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း များနှင့်အညီ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း၊ ပါတီ၏ လက်ရှိမူဝါဒများကို ပြုပြင်ပြောင်းလဲမှုမရှိဘဲ ရှေ့ဆက်သွားပါက ပါတီ၏ အနာဂတ် မရှိနိုင်တော့ကြောင်း ဦးဇော်မြင့်ဖေက ဝေဖန်ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading