သတင်း

နမ္မတူတွင် လက်သည်မပေါ်သည့် ဒေသခံ အလောင်း ၃ လောင်းတွေ့

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု ကောင်းဟုန်ကျေးရွာတွင် တောထဲ၌ ပျောက်ဆုံးသွားသည့် ရွာသား ၃ ဦး အလောင်းကို လွန်ခဲ့သည့် တပတ်ကျော် က ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၁ ရက်နေ့တွင် မှိုလိုက်ရှာရင်း ပျောက်ဆုံးနေသည့် ထိုရွာသား ၃ဦး၏ ရုပ်အလောင်းကို သတ်ပြီး မြှပ်ခဲ့သည့် တရားခံ ကို မသိရသေးကြောင်း၊ အသတ်ခံရသူ ၃ဦး ထဲမှ ၂ဦးသည် ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၏ ဒေသခံ အဖွဲ့ဝင်များ ဖြစ်ပြီး အလောင်းကို နမ္မတူမြို့နယ် ဝမ့်မိုင်နှင့် ဆာခါ ကျေးရွာ ကြားတွင် တွေ့ရှိခဲ့ ကြောင်း နမ္မတူမြို့နယ် ပြည်နယ် လွှတ်တော် အမတ်(၂) နန်းစံဟွမ် က ဧရာဝတီသို့ ပြောသည်။

“ရွာသား ၃ဦးက တောထဲမှာ မှိုသွားရှာရင်း ပျောက်သွားတာပါ။ သူတို့ပျောက်သွားတော့ ဒေသခံတွေက သြဂုတ် ၄ ရက် နေ့မှာ လိုက်ရှာတော့ မြေမြှုပ်ထားတာ ပြန်တွေ့ပါတယ်။ ဒီကိစ္စက ကျမ ဆီကို တိုက်ရိုက်တိုင်ကြားတာမရှိဘူး။ SSPP/SSA နဲ့ ပတ်သက်နေတဲ့ ကိစ္စမလို့ သူတို့ လုပ်ဆောင်နေပါတယ်”ဟု နန်းစံဟွမ် က ပြောဆိုသည်။

အသတ်ခံရသည်ဟု ယူဆရသော SSPP/SSA အဖွဲ့ဝင် ၂ဦး နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က သတ်ခဲ့သည်ကို စုံစမ်းနေ ကြောင်း၊ အဖွဲ့ဝင် တပ်သား အသတ်ခံရသည့် နေရာသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ် စခန်းနှင့် နီးစပ်သည့်နေရာ ဖြစ်ကြောင်း SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က ဧရာဝတီသို့ ပြောသည်။

“အသတ်ခံရတာကတော့ ၃ဦးပါ။ ၂လောင်းကို တကျင်း၊ တလောင်း တကျင်း ပြန်ဖော်တွေ့ပါတယ်။ ၂ဦးကတော့ ကျနော် တို့ ဒေသခံ အဖွဲ့ဝင်ပါ။ ဘာကြောင့် သတ်ခံရတယ်ဆိုတဲ့ အချက်အလက်တွေ စုံစမ်းနေတုန်းပါ။ အခုအချိန်ထိတော့ ကျနော် တို့ ဘယ်အဖွဲ့အစည်းကိုမှ အကြောင်းကြားတာ မရှိသေးဘူး”ဟုလည်း စိုင်းဖုန်းဟန် က ဆိုသည်။

အသတ်ခံရသည့် ရက်အတွင်း မည်သည့် အဖွဲ့အစည်းမှ တိုက်ပွဲဖြစ်ပွားနေခြင်း မရှိကြောင်း၊ သြဂုတ် ၄ ရက်က ရုပ် အလောင်း များ တွေ့ရှိသည့် နေရာသည်လည်း နမ္မတူမြို့ နှင့် ၁၆ မိုင်ကျော် ဝေးကွာသည့်နေရာ တခုဖြစ်ကြောင်း သိရသည်။

နမ္မတူ မြို့ နယ်အတွင်း မကြာခဏ ဒေသခံများ ဥပဒေမဲ့ အသတ်ခံရခြင်း၊ နှိပ်စက်ခံရခြင်းတို့ ဖြစ်ပွားနေသဖြင့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည်ဟုလည်း နန်းစံဟွမ်က ပြောသည်။

အဆိုပါနယ်မြေတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ပလောင် (တအာင်း) လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရတပ်မတော်တို့၏ တပ်စခန်းများ သွားလာလှုပ်ရားသည့်နေရာ ဖြစ်သည်။

Loading