ပြည်မြို့ရှိ လော့သော်ချောင်းဘေးတွင် တည်ဆောက်ထားသည့် ကျားနှစ်ကောင် အရက်ချက်စက်ရုံမှ စွန့်ထုတ်လိုက်သည့် ရေဆိုးများကြောင့် ချောင်းရိုးတလျှောက်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် စိုက်ပျိုးမြေများပျက်စီးပြီး ဒေသခံများ ကျန်မာရေး ထိခိုက်နေသဖြင့် စက်ရုံအပြီးလည်ပတ်ခွင့် ပိတ်သိမ်းပေးရန် ဒေသခံများက တိုင်းအစိုးရထံ တင်ပြတောင်းဆိုမည် ဖြစ်သည်။
ချောင်းဘေးရှိ ဝါးပိုးကုန်းရွာမှ စိုက်ပျိုးရေးလုပ်ကိုင်နေသည့် ကိုတင်ဇော်ထက်က “ချောင်းရေနဲ့မှ မတူတော့တာ ချောင်းရေတက်လာရင် အပင်တွေမြုပ်ပြီး ရေပြန်ကျသွားချိန် အပင်တွေကြားမှာ ရေကပါလာတဲ့ အညစ်အကြေးတွေ ကျန်ခဲ့ပြီး လယ်တွေအကုန် ပျက်စီးကုန်တာပဲ။ အပင်တွေရိပြီး ပျက်ကျတယ်။ ချောင်းရေက သုံးလို့စွဲလို့ မရတော့ဘူး”ဟု ပြောသည်။
ကျားနှစ်ကောင် အရက်ချက်စက်ရုံမှ ထိုသို့ရေဆိုးများ စွန့်ထုတ်နေသည့်အတွက် ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်က တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ စည်ပင်ဋ္ဌာနနှင့် ပြည်သူ့ကျန်းမာရေးဋ္ဌာနတို့ ပူးပေါင်းပြီး သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ချောင်းအတွင်းသို့ ရေဆိုးများ တိုက်ရိုက်စွန့်ပစ်နေသည်ကို တွေ့ရှိခဲ့သဖြင့် ခရိုင်အုပ်ချုပ်ရေးအဆင့်က စက်ရုံအား ယာယီပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
စက်ရုံအား စစ်ဆေးရာတွင် ပါဝင်ခဲ့သူ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ကျနော်တို့သွားစစ်တော့ ချောင်းထဲကို တကယ်ပဲရေဆိုးတွေ တိုက်ရိုက်ထုတ်နေတာတွေ လုပ်နေတာတွေ့ ရတယ်။ အဲဒါတွေကို အခုတော့ ခရိုင်အုပ်ချုပ်ရေးရဲ့လုပ်ပိုင်ခွင့်အရ ယာယီပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်။ စက်ရုံလည်နေတာတော့ ဆယ်စုနှစ် တခုကျော်လောက်ရှိပြီ” ဟု ပြောသည်။
အရက်ချက်စက်ရုံအား ယာယီပိတ်သိမ်းခွင့်အပြင် ဒေသခံတို့၏ ကျန်းမာရေးနှင့် လူနေမှုစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေသဖြင့် စက်ရုုံလည်ပတ်ခွင့် အပြီးပိတ်သိမ်းပေးရန် ဒေသခံများက ပဲခူးတိုင်းဒေသကြီး အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
ကျားနှစ်ကောင် အရက်ချက်စက်ရုံ၏ စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း၊ ချောင်းအတွင်း ညစ်ညမ်းကာ အနံအသက်ဆိုးနေပြီး ချောင်းရေကို သုံးစွဲ၍မရသည့်အပြင် အရက်ချက်ရာတွင် လောင်စာအဖြစ် အသုံးပြုနေသည့် ဖွဲပြာအမှုံများကြောင့် စက်ရုံအနီး လေထုညစ်ညမ်းမှုများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ဆက်ပြောသည်။
စက်ရုံအနီးပတ်ဝန်းကျင်နှင့် လော့သော်ချောင်းရိုးအောက်ဘက် တလျှောက်ရှိ အောင်ဆန်းပြည်သာယာ ရပ်ကွက်၊ နဝင်း ရပ်ကွက်၊ ရှမ်းစုကျေးရွာနှင့် တောင်းကုန်းကျေးရွာများရှိ ဒေသခံများ ထိခိုက်မှုအဆိုးဆုံးဖြစ်ကာ ယခင်အစိုးရ လက်ထက်က အကြိမ်ကြိမ် တိုင်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း ၎င်းတို့က ပြောဆိုကြသည်။