သတင်း

သေဒဏ်ကျ လိပ်ကျွန်း လူသတ်မှု အယူခံ တရားရုံး စစ်ဆေးနေ

လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ကျခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး၏ အယူခံကို ထိုင်းနိုင်ငံ အယူခံ တရားရုံးက စစ်ဆေးမှုပြုလုပ်နေပြီဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အထူးစုံစမ်းရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိသျှနိုင်ငံသား လူငယ်နှစ်ဦးကို သတ်ဖြတ်မှုဖြင့် သေဒဏ်ကျခံထားရ သည့် အဆိုပါ မြန်မာလူငယ် နှစ်ဦး၏ ရှေ့နေဘက်မှ တင်ပြထားသည့် စာမျက်နှာ ၂၀၀ ခန့်ရှိ အမှုတွဲနှင့် တရားလို အစိုးရ ရှေ့နေဘက်မှ တင်ပြထားသည့် အမှုတွဲတို့ကို အယူခံတရားရုံးက စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရ သည်။

မြန်မာလူငယ် နှစ်ဦး၏ ရှေ့နေဘက်မှ တင်ပြထားသည့် စာမျက်နှာ ၂၀၀ ခန့်ရှိ ယင်း အယူခံလွှာကို ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်နေ့က တရားရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အယူခံလွှာတွင် မျိုးဗီဇ(DNA)နှင့် ပတ်သက်၍ အဓိက တင်ပြ ထားခြင်း ဖြစ်သည်။

ရှေ့နေ ဦးအောင်မျိုးသန့်က “အန်ကယ်တို့အမှုကို လက်ခံတယ်ဆိုတဲ့ အဆင့်က ပြီးသွားတဲ့ အခါမှာ အယူခံ တရားသူကြီး အဖွဲ့ဖွဲ့တယ်။ ပြီးတဲ့ အခါမှာ မူလရုံးအမှုတွဲကို ခေါ်တယ်။ အမှုတွဲရောက်လာတဲ့ အခါမှာ ဒီဘက်က အန်ကယ်တို့တင်တဲ့ အယူခံ အကြောင်းပြချက်တွေနဲ့ ယှဉ်ပြီးတော့ စစ်ဆေးတာပေါ့။ အယူခံ အမှုတွဲကို အယူခံ တရားရုံးက စစ်ဆေးနေတာပါ” ဟု ဧရာဝတီ ကို ပြောပြသည်။

မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဗြိတိသျှလူငယ်နှစ်ဦးကို သတ်ဖြတ်မှုနှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ကော်စမွီတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့ပြီး တရားခံ ရှေ့နေများဘက်မှ အယူခံ တင်သွင်းမှုကို ထိုင်းအယူခံတရားရုံးက ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်နေ့က လက်ခံခဲ့ပြီး ထိုအယူခံ အား ဆက်လက် စစ်ဆေးနေခြင်း ဖြစ်သည်။

အယူခံ တရားခံဘက်က ဖြစ်သည့် အစိုးရ ရှေ့နေဘက်ကတော့ အယူခံတင်ပြရန် ပြင်ဆင်ချိန်အဖြစ် ယခုလ ၂၅ ရက်နေ့ အထိ ရက်တိုး တောင်းထားသည်ဟု ကြားသိရကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အမှုနဲ့ပတ်သက်လို့ တစ်အချက် အောက်ရုံးမှာ စစ်ခဲ့တဲ့အပေါ်မှာ ပေါ်ပေါက်မှု၊ အန်ကယ်တို့ဘက်က အယူခံ အကြောင်းပြချက် ပေါ်ပေါက်မှု နှစ်ခုကို ယဉ်ပြီးတော့ နှစ်ဘက်မှာရှိတဲ့ ဖြေရှင်းပေးမယ့်ဘက်ကို တရားသူကြီးက မေးပိုင်ခွင့် ရှိတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ဖြေရှင်းပေးဖို့ လိုအပ်တယ် ဆိုပြီးတော့ အစိုးရရှေ့နေဘက်ကို မေးတဲ့သဘောပါ။ ဒါကြောင့်မို့ သူကလည်း ချက်ချင်း ပြန်မဖြေရှင်းနိုင်တော့ ၂၅ ရက်နေ့အထိ ရက်တိုးတောင်း ပြီးတော့ အဲဒီနေ့ကြမှ ဖြေရှင်းမယ်ဆိုတဲ့ သဘောပါ” ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် အခင်းမဖြစ်ပွားခင်က လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ် အရွယ် ဒေးဗစ် မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် (Hannah Witheridge) တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယ တရားခံများအဖြစ် စွပ်စွဲ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က လူသတ်မှုနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့ကြောင်း မူလက ထွက်ဆိုခဲ့ကြ သော်လည်း နောက်ပိုင်း တရားရုံးချိန်းများ၌ ထိုင်းရဲ၏ နှိပ်စက်ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး အမှုကို မကျူးလွန်ကြောင်း ပြန်လည် ထွက်ဆိုခဲ့ကြ သော်လည်း တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့ နှစ်ဦးအား လူသတ်မှုအပါအဝင် ပုဒ်မ ၇ ခုဖြင့် အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

သို့သော်လည်း ထိုအမှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့၏ သံသယဖြစ်စရာ အမှုကိုင်တွယ် ဆောင်ရွက်မှု၊ အမှု အတွက် အရေးပါသော မျိုးဗီဇ(DNA) ရယူစစ်ဆေးမှုတို့နှင့် ပတ်သက်၍ မှုခင်းဆိုင်ရာ ပညာရှင်များက ထောက်ပြ ဝေဖန်မှုများ ရှိခဲ့ပြီး ထိုအမှုနှင့်ပတ်သက်ပြီး တရားခံ မြန်မာနှစ်ဦးဘက်မှ ရှေ့နေများက အယူခံ တင်၍ ဆက်လက် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

Loading