မြန်မာနိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အနက် ရန်ကုန်တိုင်းသည် မှုခင်းဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း သိရ သည်။
ရန်ကုန်တိုင်းအတွင်း၌ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ အမှုကြီးပေါင်း ၃၄၅ မှု ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းသည် ၂၉၆ မှုဖြင့် ဒုတိယ အများဆုံး ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းသည် တတိယအများဆုံး ဖြစ်ပွားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။
ပဲခူးတိုင်း ပန်းတောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၏ မှုခင်းကျဆင်းရေး အလေးထား ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ ဒု ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးများ၌ ရာဇဝတ်မှုများ ဖြစ်ပွားနေခြင်းသည် လူဦးရေ သိပ်သည်းမှုများပြားပြီး ရဲတပ်ဖွဲ့ဝင် အင်အားမလုံ လောက် ခြင်းကြောင့် မှုခင်း ပိုမိုဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံတဝန်း၌ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ အမှုပေါင်း ၅ သောင်း ကျော် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်အောင်စိုး က ဆိုသည်။
ရန်ကုန်တိုင်းအတွင်း ရက် ၁၀၀ စီမံချက်ကို မေလ ၁ ရက်မှ သြဂုတ်လ ၈ ရက်အထိ ဆောင်ရွက်ခဲ့သည့် ကာလအတွင်း အမှုကြီး ၁၄၀၊ တခြားအမှုပေါင်း ၃၉၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်မှု (ဖမ်းဆီးရမိမှု ) ၁၂၀၀၀ ကျော်ရှိ ခဲ့ကြောင်း၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ဒုတိယ ပြောခွင့်ရသူနှင့် ပြန်ကြားရေး တာဝန်ခံ ရဲမှူး လှဝေက ဧရာဝတီကို ပြောသည်။
အမှုကြီးဆိုသည်မှာ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ ဖောက်ထွင်းမှု စသည်တို့ဖြစ်သည်။
ရဲမှူးလှဝေ က “၂၀၁၅ ခုနှစ် ကာလတို စီမံချက်မှာ အမှုကြီး ၉၉ မှုဖြစ်ပွားခဲ့ပြီးတော့ ၂၀၁၆ ကာလတိုမှာ အမှုကြီး ၁၄၀ ဖြစ်ပွားခဲ့တယ်၊ အများဆုံးကတော့ သက်ငယ် မုဒိမ်းမှုပါ”ဟု ဆိုသည်။
သို့သော် ၂၀၁၆ ခုနှစ် မေလတွင် အမှုကြီး ၅၀၊ ဇွန်လတွင် ၄၆ မှုနှင့် ဇူလိုင်လတွင် ၃၁ မှုသာ ဖြစ်ပွားခဲ့သည့်အတွက် လျော့ ကျလာသည်ဟု ပြောဆိုနိုင်ကြောင်း၊ အများဆုံး ဖြစ်ပွားမှုသည် မုဒိမ်းမှု ဖြစ်ပြီး လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ ဖောက်ထွင်းမှုများ ဖြစ်သည်ဟုလည်း ရဲမှူးလှဝေ က ပြောသည်။
သက်ငယ်မုဒိမ်းမှု များပြားလာခြင်းသည် အသက် ၁၄ နှစ် ကို သက်ငယ်ဟု သတ်မှတ်ထားခဲ့ရာမှ ၁၆ နှစ်ဟု ပြောင်းလဲ လိုက်ခြင်းကြောင့်ဖြစ်ပြီး မိဘများ၏ အုပ်ထိန်းမှု ပေါ့ဆခြင်း၊ သောက်စား မူးယစ်သူများပြားလာခြင်း စသည်တို့ကြောင့် လည်း ပါဝင်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က ဆိုသည်။
မှုခင်းအများဆုံး ဖြစ်ပွားနေသည့် ရန်ကုန်တိုင်း၌ ရက် ၁၀၀ စီမံချက်ကို ကနဦးစမ်းသပ်မှုအဖြစ် တောင်ဒဂုံ၊ လှိုင်သာယာ၊ ကမာရွတ်၊ သံလျင်မြို့နယ်တို့တွင် စမ်းသပ်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း၊ ယင်းမြို့နယ်များ အပြင် နောက် ထပ် ၈ မြို့နယ်ကိုပါ တိုးချဲ့ ဆောင်ရွက်နေပြီး ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရဲမှူး လှဝေ က ပြောသည်။
ရန်ကုန်တိုင်း အပါအဝင် မြန်မာနိုင်ငံတဝန်း၌ မှုခင်းများကျဆင်းရေး ဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးနေသည့် အတွက် အပြည့်အဝ မဆောင်ရွက်နိုင်သေးကြောင်း၊ ရဲတပ်ဖွဲ့များ တိုးမြှင့်နိုင်ရန် နိုင်ငံတော် က စီမံကိန်းများ ရေးဆွဲ၍ ဆောင်ရွက်နေကြောင်း သိရသည်။
ရဲအင်အား သုံးစွဲမှုသည် နိုင်ငံတကာ စံနှုန်းများ၌ ပြည်သူ ၄၀၀ လျှင် ရဲတဦး ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ပြည်သူ ၁၂၀၀ ဝန်းကျင်လျှင် ရဲ တဦး ဖြစ်နေကြောင်း၊ မှုခင်းများ ကျဆင်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်နိုင်မှု ရှိခြင်း မရှိခြင်း သည် ရဲတပ်ဖွဲ့ဝင် အရေအတွက်နှင့် တိုက်ရိုက် ဆက်စပ်နေကြောင်းလည်း ဗိုလ်ချုပ်အောင်စိုး က ပြောဆိုခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၏ “အစိုးရသစ်၏ လုပ်ငန်းစဉ်များတွင် ပါဝင်သော တရားဥပဒေ စိုးမိုး ရေး၊ ခိုင်မာသော နိုင်ငံတည်ဆောက်ရေးတို့အတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်နေသောကြောင့် မှုခင်းကျဆင်း ရေးကို အမြန်ဆုံး ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုအား လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးက ၂ ရက်ကြာ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတဝန်း၌ မှုခင်းများ ပိုမိုလာခြင်းသည် ရဲအင်အား နည်းပါးခြင်းအပြင် ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်မှု အားနည်းခြင်း များကြောင့်လည်း ဖြစ်ကြောင်း ကိုယ်စားလှယ်တချို့က ဆွေးနွေးခဲ့ကြသည်။
ယင်း မှုခင်းကျဆင်းရေး အဆိုအား မှတ်တမ်းအဖြစ်သာ ထားသင့်ကြောင်း ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ရှင်းလင်း တင်ပြခဲ့သည့်အတွက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူ မရှိ၍ ပြည်သူ့လွှတ်တော်၌ မှတ်တမ်းအဖြစ် အတည်ပြုခဲ့သည်။