ရေကြီးနစ်မြုပ်မှု သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း အိမ်ခြေပေါင်း ၁ သိန်း ၃ သောင်း ကျော်၊ လူပေါင်း ၅ သိန်း ၄ သောင်းကျော် ရေဘေးဒုက္ခ ရင်ဆိုင်နေရကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ မှတ်တမ်းများအရ သိရသည်။
ဧရာဝတီတိုင်း တခုလုံးတွင် ကျေးရွာပေါင်း ၁၃၅၀ ရေမြုပ်နေပြီး အိမ်ထောင်စုပေါင်း ၁ သိန်း ၃ သောင်းကျော်မှ လူပေါင်း ၄ သိန်း ၈ သောင်းကျော် ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်းနှင့် ဆိုးဝါးစွာ ရေနစ်မြုပ်မှုကြောင့် နေအိမ်များစွန့်ခွာ၍ ရေဘေး ကယ်ဆယ်ရေးစခန်း ၃၅၇ ခု တွင် ခိုလှုံနေသည့် ဒုက္ခသည်ပေါင်း ၅ သောင်း ၇ ထောင်ကျော် ရှိနေကြောင်းလည်း အစိုးရ အဖွဲ့ မှတ်တမ်းတွင် ဆက်ဖော်ပြထားသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးကျော်မြင့်က “မြန်မာပြည် အထက်ပိုင်းကရေတွေ နောက်ဆုံးတော့ ဧရာဝတီ မှာ လာပြီး စုပုံနေတဲ့သဘော ဖြစ်နေတယ်။ ဒီဘက်မှာ မိုးကလည်း တအားရွာနေတော့ ပုသိမ်ခရိုင်ထဲက မြို့နယ် ၆ ခုမှာ ရေတွေက အမြင့်ဆုံး ရေအမှတ်မှာ ရောက်နေတယ်။ ကျနော်တို့ တိုင်းဒေသကြီးအစိုးရ အနေနဲ့ ကယ်ဆယ်ရေးနဲ့ တာတမံတွေ ထိန်းသိမ်းတာတွေကို အဓိကထား ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဧရာဝတီတိုင်းအတွင်း စီးဆင်းနေသည့် ဧရာဝတီမြစ်၊ ငဝန်မြစ်နှင့် တိုးမြစ် ရေလျှံပြီး ဟင်္သာတ၊ မအူပင်နှင့် ပုသိမ်ခရိုင်တို့တွင် ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေကြရသည်။
ယခုရက်ပိုင်းအတွင်း ဟင်္သာတခရိုင်ရှိ မြို့နယ် ၆ ခုနှင့် မအူပင်ခရိုင်ရှိ ညောင်တုန်း၊ ဓနုဖြူနှင့် မအူပင်မြို့တို့တွင် မြစ်ရေ အမှတ်များ ပြန်လည် ကျဆင်းခဲ့သည့် အတွက် ရွာတချို့ ရေပြန်ပေါ်လာသဖြင့် ကယ်ဆယ်ရေး စခန်းတချို့ ပိတ်သိမ်း ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့က ပြောသည်။
ပုသိမ်ခရိုင်တွင် ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်းနှင့် ကျုံပျော်မြို့နယ်တို့တွင် ရေကြီးနစ်မြုပ်မှု ဆိုးဝါးစွာ ဖြစ်ပွားနေဆဲဖြစ်ကြောင်းနှင့် သြဂုတ်လ ၁၆ ရက် ရရှိသည့်စာရင်းများအရ ပုသိမ်ခရိုင် ၆ မြို့နယ်တွင် ရေဘေး သင့်သူ ၂ သိန်း ၉ သောင်းကျော် ရှိနေပြီး ကယ်ဆယ်ရေးစခန်း၌ ခိုလှုံနေရသူ ၅ သောင်း ၁ ထောင်ကျော် ရှိနေကြောင်း ဧရာဝတီတိုင်း အစိုးရက သတင်းထုတ်ပြန်သည်။
ပုသိမ်ခရိုင် သာပေါင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၃၂၅ ရွာမှ လူပေါင်း ၈ သောင်း ၉ ထောင် ကျော် ရေဘးသင့်ကာ ရေကြီး နစ်မြှပ်မှု အဆိုးဆုံး ကြုံတွေ့နေရကြောင်း၊ တိုင်းအစိုးရ ရုံးစိုက်ရာ ပုသိမ်မြို့တွင် ကယ်ဆယ်ရေး စခန်းပေါင်း ၆၈ ခုရှိပြီး လူပေါင်း ၅ သောင်း ၃ ထောင်ကျော် ခိုလှုံနေရကြောင်းလည်း သိရသည်။
ပုသိမ်မြို့အခြေပြု ရေဘေးကယ်ဆယ်ရေး အဖွဲ့မှ ကိုမိုးကြီးက “ပုသိမ်ရေကြီးမှုက စံချိန်တင် ဖြစ်နေတယ်။ အရင်က ရေမမြုပ်ဘူးတဲ့ နေရာတွေပါ ရေမြုပ်ကုန်ပြီ။ အခုချိန်အထိလည်း ရေက မကျသေးဘူး။ ရေဘေးဒုက္ခသည်တင် ၃ သောင်း ကျော်လောက် ရှိနေတယ်။ သူတို့အတွက် ကျနော်တို့ ပုသိမ်မြို့က လူမှုရေးအသင်းတွေ စုပေါင်းပြီး ထမင်းထုပ်တွေ နေ့စဉ် ဝေငှထောက်ပံ့ ပေးနေပါတယ်”ဟု ပြောသည်။
ရေကြီးမှုကြောင့် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်တို့ရှိ မြို့နယ် ၁၆ ခုတွင် လယ်သမား ၅ သောင်း
၂ ထောင် ကျော် ၏ စိုက်ပျိုးထားသည့် လယ်ဧက ၂ သိန်း ၇ သောင်းကျော် ရေနစ်မြုပ်နေဆဲဖြစ်ပြီး ရေဘေးကြောင့် လယ်ဧက ၁ သိန်း ၁ သောင်း ကျော်ထိခိုက်ကာ ဧက ၄၅၀၀ ကျော် ပျက်စီးသွားကြောင်း တိုင်းအစိုးရအဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။
ရေကြီးနစ်မြုပ်သည့် သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင်နေရသည့် ဧရာဝတီတိုင်း ဒေသခံများအတွက် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်တို့ အပါအဝင် အလှူရှင်များက ဧရာဝတီတိုင်း အစိုးရထံ ကျပ်သိန်းပေါင်း ၃ ထောင့် ၄ ရာကျော် လှူဒါန်းထားကြောင်း၊ ရေနစ်မြုပ်နေသည့် ပုသိမ်၊ ဟင်္သာတ၊ မအူပင်ခရိုင်တို့ကို ကျပ်သိန်း ၃၅၀ စီ ထောက်ပံ့ပေးထားပြီး မြောင်းမြခရိုင်အား ကျပ်သိန်း ၄၀ ထောက်ပံ့ထားကြောင်း ဧရာဝတီတိုင်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။
ရေဘေးသင့်ပြည်သူများကို ၈၈ မျိုးဆက် ကျောင်းသားများ၊ ဧရာဝတီ ဖောင်ဒေးရှင်း၊ CB/KMA ဖောင်ဒေးရှင်း၊ ဝေဠုကျော် ဖောင်ဒေးရှင်း၊ အနုပညာရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက စားနပ်ရိက္ခာနှင့် သောက်ရေသန့်များ လာရောက် ကူညီလျက်ရှိသော်လည်း ရေနစ်မြုပ်သည့် ဧရိယာကြီးမားပြီး ရေဘေးသင့်သူဦးရေ များပြားနေသည့်အတွက် ကူညီထောက်ပံမှုများ လိုအပ်နေဆဲဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ပြောသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးကျော်မြင့်က “ဒီနှစ် ဧရာဝတီတိုင်းရဲ့ ရေဘေးက ထိခိုက်ပျက်စီးမှု ပမာဏ များပါတယ်။ ရေမြုပ်တဲ့ဧရိယာက အရမ်းကျယ်ဝန်းပြီး ရေမြုပ်တဲ့မြို့နယ် အရေအတွက်လည်း အများကြီး ဖြစ်နေတယ်။ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပေမယ့် ကျနော်တို့အင်အား တခုတည်းနဲ့ မလုံလောက် ပါဘူး။ ဒါကြောင့် စေတနာရှင်တွေ၊ လူမှုရေး အသင်းတွေ၊ အန်ဂျီအိုတွေနဲ့ ပြည်သူအားလုံး ၀ိုင်းဝန်း ကူညီ ပေးကြပါ”ဟု ပြောဆိုသည်။