ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးကာလနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင် အထည် မဖော်နိုင်သေးသည့်ကာလအတွင်း အကြီးစားသယံဇာတထုတ်ယူသုံးစွဲမှုစီမံကိန်းများအားလုံးကို ရပ်တန့်ပေးရန် တိုင်းရင်းသားလူငယ်များက ယနေ့ပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲ၌ တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၁ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင်ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ သြဂုတ် ၁၇ ရက် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ် ကွန်ရက်(MJN)ရုံး ခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လူထုကိုအကျိုးပြုစေမည့် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်တခု ခိုင်ခိုင်မာမာမရှိသေးဘဲ သယံဇာတအကြီးစားများ ထုတ်ယူနေခြင်း သည် လူ့အခွင့်အရေးချိုးဖောက်မှုတခုဖြစ်ကြောင်း၊ လတ်တလော ငြိမ်းချမ်းရေးဖော်ဆောင်မှု လမ်းကြောင်းသို့သွားနေ သည့်အချိန်တွင် တဘက်မှ သယံဇာတထုတ်ယူနေခြင်းမှာ သဟဇာတမဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စကို ဦးတည် ဆွေးနွေးပြီးမှသာ မူစနစ်များကို သေချာပြင်ဆင်ထားပြီးမှသာ ဆက်လက်လုပ်ဆောင်သင့်ကြောင်း ပအို့ဝ်တိုင်းရင်းသား လူငယ် ခွန်ဦးက ပြောသည်။
ခွန်ဦးက “ကျနော်တို့ရဲ့မူတွေစနစ်တွေ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ၊ ပဋိပက္ခတွေဖြစ်နေသေးတဲ့အချိန်မှာ၊ ငြိမ်းချမ်း ရေး အာမခံနိုင်မှုမရှိသေးတဲ့အချိန်မှာ ဒီလိုမျိုးတွေဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ သွားချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ကိစ္စရပ်တခုအတွက် အဟန့်အတားဖြစ်စေလို့ ဒီအချိန်မှာ ရပ်ဆိုင်းထားပေးဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။
ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးကို ဖော်ဆောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း ဟုူသည့်ကဏ္ဍ ၃ ရပ် ရှိ သည့်အနက် ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့်အခန်းကဏ္ဍသာရှိသေးသည့်အချိန်၊ သေချာတိကျသည့် မူဝါဒမရှိသေးပဲ အကြီးစားသယံဇာထုတ်ယူမှုကို လုပ်လိုက်မည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခများကိုသာ ပိုမြင့်မားလာစေမည်ဟု ညီလာခံ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သူ မရန်ဂျော်ဂွန်းက ပြောသည်။
“ လက်ရှိဖြစ်နေတဲ့စစ်ပွဲတွေ လက်နက်ကိုင်ပဋိပက္ခတွေကို ကြည့်လိုက်လို့ရှိရင် ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ဆိုတော့ ဒီ သယံဇာတတွေနဲ့ဆက်နွယ်တဲ့ ကိစ္စတွေဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ နောက်တခု ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ဖွဲ့စည်း ပုံ အခြေခံဥပဒေအကောင်အထည်မဖော်နိုင်သေးတဲ့ အချိန်မှာလုပ်လိုက်ရင် နောက်ပိုင်းပေါ်လာမယ့် ပြည်နယ်အလိုက် အစိုုးရတွေရဲ့လုပ်ပိုင်ခွင့်ရှိလာရင် အခက်အခဲတွေဖြစ်လာနိုင်တယ်”ဟု ၎င်းက ရှင်းပြသည်။
တိုင်းရင်းသားလူငယ်များညီလာခံအပြီးတွင်လည်း အထက်ပါတောင်းဆိုချက်များအပြင် မကြာမီပြုလုပ်တော့မည့် ၂၁ ရာစု ပင်လုံသည် နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲတရပ် ဖြစ်သောကြောင့် တိုင်းရင်းသားဒေသများ အတွင်း တပ်မတော်မှ ထိုးစစ်ဆင်မှုကိုရပ်တန့်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သင့်ကြောင်းနှင့် လူငယ်များပါဝင်သင့်ကြောင်း ကိုလည်း သဘောထားထုတ်ပြန် တောင်းဆိုခဲ့ကြသည်။
ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ၆ ရက် အကြာပြုလုပ်အပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံမှ ဘုံသဘောတူညီချက်လုပ်ငန်းစဉ် ၇ ရပ် ထွက်ရှိခဲ့ကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင် ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ကို သြဂုတ် ၁ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။