အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်း၍ ယင်းလုပ်ငန်းများကို မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် သင့်ကြောင်းကို အကြံပြုမည့် စိစစ် သုုံးသပ်ရေး ကော်မရှင်တခု ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက သြဂုတ်လ ၁၁ ရက်နေ့တွင် တိုက်တွန်း လိုက်သည်။
နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို စိစစ်ဆောင်ရွက်ရန် လိုအပ်သဖြင် ယခု ဘဏ္ဍာရေးနှစ်အတွင်း ၄င်းစီးပွားရေး လုပ်ငန်း၊ စီမံကိန်းများကို ဆိုင်းငံ့ထားသင့်ကြောင်း ယနေ့ ပြည်ထောင်စု လွှတ်တော်၌ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုုံးမှန်းခြေ ငွေစာရင်း (ပြင်ဆင်ချက်) တင်သွင်းစဉ် ဥပဒေကြမ်း ကော်မတီက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံပိုင် စက်ရုံများတွင် အများပြည်သူ အကျိုးစီးပွားအတွက် နိုင်ငံတော်မှ ဘဏ္ဍာရန်ပုံငွေ စိုက်ထုတ် ကျခံ၍ မဖြစ်မနေ ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည်များမှအပ ကျန်လုပ်ငန်းများနှင့် စက်ရုံများကို ပြည်ပ အကြံပေးပုဂ္ဂိုလ်များ ပါဝင်သည့် စိစစ် သုံးသပ်ရေး ကော်မရှင်တရပ် ဖွဲ့စည်း၍ စိစစ်သင့်ပြီ ဖြစ်ကြောင်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
“ဒီလိုမှ မဟုတ်ဘဲ Investment တွေကလည်း များနေပြီ။ ရှုံးနေတာကို ဒီလို Investment တွေ ထပ်ထည့်ရင်လည်း ထပ်ရှုံးဦးမယ်ဆိုတာ သေချာနေတယ် ဆိုရင်တော့ ဆိုင်းငံ့ထားဖို့၊ နောက်ဆုံးအနေနဲ့ ရပ်ဆိုင်းဖို့ ဒါတွေကို ခုနက ဖွဲ့စည်းမယ့် ကော်မရှင်ရဲ့ စိစစ်သုံးသပ်ချက်အပေါ်မှာ အခြေခံပြီးတော့ အမြန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါတယ်” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
ပထမအကြိမ် လွှတ်တော်သက်တမ်း အတွင်းက ဥပဒေများ ထုတ်ပြန်၍ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်လုပ်ငန်း၊ မြန်မာ့ သဘောကျင်း လုပ်ငန်းနှင့် မြန်မာ့လေကြောင်း လုပ်ငန်းများသည် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေ ပြင်ပမှ ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်းများ အရှုံးပေါ်သည့်အခါ နိုင်ငံတော် ဘတ်ဂျက်အတွင်းသို့ ပြန်လည် ဝင်ရောက်လာမှုကိုလည်း ဥပဒေကြမ်း ကော်မတီက ဝေဖန်ခဲ့သည်။
အဆိုပါ လုပ်ငန်းများတွင် ငွေကြေးဆိုင်ရာ အခက်အခဲများ ပေါ်ပေါက်ပါက ၄င်းတို့၏ အစီအစဉ်ဖြင့်သာ ကိုင်တွယ် ဖြေရှင်း သင့်ပါသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေမှ သုံးစွဲ၍ ဖြေရှင်းခြင်းများကို ပြုလုပ်ရန် မသင့်ကြောင်း၊ အထူးသဖြင့် သီးသန့်ရန်ပုံငွေ ကျခံဆောင်ရွက်ရန် မသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ က အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြည်ထောင်စု လွှတ်တော်တွင် တင်ပြသည်။
“အထူးသီးသန့် ရန်ပုံငွေကနေ ကျခံသုံးစွဲမယ်ဆိုရင် ဆေးမြီးတိုနဲ့ ကုတာသာ ဖြစ်ပါမယ်။ တကယ့် ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
ယင်းလုပ်ငန်းများကို စီမံခန့်ခွဲနေသူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးကမူ အထက်ပါ လုပ်ငန်းများကို ကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်ရန် ကြိုးပမ်းခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မအောင်မြင်သဖြင့် နိုင်ငံတော် ဘတ်ဂျက်သို့ ပြန်လည် ဝင်ရောက်ရခြင်းဖြစ်သည်ဟု သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပသည့် အစိုးရ ရက် ၁၀၀ ရှင်းလင်းပွဲတွင် ဧရာဝတီသို့ ပြောသည်။
“ပြည်တွင်းရေကြောင်း သွားလာမှုတွေက ရခိုင်ကမ်းရိုးတန်းကလွဲရင် တနိုင်ငံလုံးမှာ ရှုံးနေပါတယ်။ ပြည်သူတွေကလည်း ရေကြောင်းအစား တခြား လမ်းကြောင်းတွေကို ခေတ်ကာလအခြေအနေအရ ရွေးချယ်သွားတဲ့အတွက်လည်း ပါပါတယ်။ သို့သော် ရှုံးသော်လည်း ပြည်သူ့လိုအပ်ချက်အတွက် လုပ်ငန်းတွေ ဆက်လုပ်ရမှာ ဖြစ်တဲ့အတွက် နိုင်ငံတော် ဘတ်ဂျက်ကနေ ကျခံသင့်တယ်လို့ တင်ပြထားပါတယ်” ဟု ဦးထွန်းလွင်ဦးက ပြောသည်။
အစိုးရအနေဖြင့် အရှုံးပေါ်နေသည့် စီးပွားရေး လုပ်ငန်းများကို ရပ်ဆိုင်းခြင်း၊ ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းများ ပြုလုပ်ရန် လိုအပ်သဖြင့် လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ တိုက်တွန်းချက်ကို သဘောတူကြောင်း မြန်မာ့ စီးပွားရေး လေ့လာသူများက ဧရာဝတီသို့ ပြောသည်။
တပ်မတော်အစိုးရနှင့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် နိုင်ငံပိုင် လုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲဲခဲ့သော်လည်း ပွင်းလင်း မြင်သာမှု မရှိခြင်း၊ နီးစပ်ရာ လက်သိပ် ထိုးပေးခြင်းတို့ကြောင့် ၄င်းလုပ်ငန်းများမှာ တကယ် လုပ်နိုင်ကိုင်နိုင်သူများလက်သို့ မရောက်ရှိဘဲ မြန်မာ့စီးပွားရေး မအောင်မမြင် ဖြစ်ခဲ့ရသည်ဟု UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
“အစိုးရအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေတဲ့ လုပ်ငန်းတွေကို လွှဲသင့်တာကြာပြီ။ ဒါပေမယ့် အရင်ကလို လက်သိပ်ထိုး မလွှဲဖို့တော့ လိုတယ်။ အခုလည်း အဲဒီလို လုပ်ခဲ့တဲ့ ပြဿနာတွေက မပြီးသေးဘူး။ ရှင်းရဦးမှာတွေ ရှိသေးတယ်။ အဲဒါတွေကို အခုအစိုးရလည်း သိပါတယ်” ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။
ထိုပြောဆိုချက်ကို ပါရမီ ကုမ္ပဏီအုပ်စု အကြံပေး ဦးတင်ချိုကလည်း သဘောတူသည်။
“အရင် အစိုးရလက်ထက်မှာ Transparency မရှိဘဲ လွှဲတဲ့အခါကျတော့ မရသင့်တဲ့သူတွေ ရသွားတယ်။ သူက စီးပွားရေးလုပ်ငန်း လုပ်ဖို့ ဝယ်တာ မဟုတ်ဘူး။ မြေကြီးရောင်းစားဖို့ ဝယ်တာ။ အဲဒီတော့ ဘယ်လိုလုပ်ပြီး စီးပွားရေး တိုးတက်တော့မလဲ” ဟု ဦးတင်ချိုက ပြောသည်။
ယခု ပြဿနာ၏ ရင်းမြစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ လက်ထက် ၁၉၆၈ ခုနှစ်တွင် စီးပွားရေး လုပ်ငန်းများကို နိုင်ငံပိုင်သိမ်း ပြီးနောက် မလုပ်တတ်မကိုင်တတ်ဖြစ်ကာ အရှုံးပေါ်လာသည့် ယင်းလုပ်ငန်းများကို အစိုးရဘတ်ဂျက်မှ ထောက်ပံ့ရသဖြင့် ရသုံးမှန်းခြေ ငွေစာရင်းတွင် ဝင်ငွေ၊ ထွက်ငွေ မကာမိတော့ကြောင်း၊ ထိုပြဿနာကို ဖြေရှင်းရန် ငွေစက္ကူအသစ် ထပ်ရိုက်သဖြင့် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဦးတင်ချိုက ရှင်းပြသည်။
“ဒီနောက်ပိုင်းမှာလည်း စက်မှုဝန်ကြီးဌာနဆိုပြီး လုပ်တာ မအောင်မြင်တော့ စက်မှု ၁၊ ၂ ဆိုပြီး ခွဲတယ်။ မအောင်မြင်တော့ စွမ်းအင်ဆိုပြီး ထပ်ခွဲသေးတယ်။ ဘယ်အောင်မြင်မလဲ တကယ်နားလည် တတ်ကျွမ်းတဲ့ ပညာရှင်မှ မရှိတာ” ဟု ဦးတင်ချိုက ပြောသည်။