စိုက်ပျိုးရေးကို အဓိကထားတဲ့ မြန်မာနိုင်ငံ အနေနဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ စိုက်ပျိုးရေးနည်း စနစ် (Climate Smart Agriculture-CSA) ကို ပြောင်းလဲ အသုံးပြုသင့်ပြီလို့ စိုက်ပျိုးရေး ပညာရှင်တွေ နဲ့ မိုးလေဝသ ပညာရှင် တွေက အကြံပြု တိုက်တွန်းကြပါတယ်။
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကြောင့် သီးနှံစိုက်ခင်း ပျက်စီးဆုံးရှုံးမှုတွေဟာ တနှစ်ထက် တနှစ် ပိုမိုများ ပြားလာလို့ သမားရိုးကျ စိုက်ပျိုးနည်းတွေကနေ ပြောင်းလဲသင့်ကြောင်း တိုက်တွန်း ပြောဆိုကြခြင်းပဲ ဖြစ်ပါတယ်။
“စိုက်ပျိုးတဲ့ အခြေအနေကို သမားရိုးကျ နည်းနဲ့တော့ သွားလို့မရတော့ဘူး။ ဆိုလိုတာက အခြေအနေကိုညှိပြီး ပြောင်းလဲ ပြီးတော့ စိုက်ရမယ်”လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။
ဆက်လက်ပြီး ၎င်းက အထက်မြန်မာပြည်လို မိုးနည်းတဲ့ဒေသတွေမှာ မိုးနည်းဒဏ်ခံနိုင်တဲ့သီးနှံတွေ စိုက်ပျိုးဖို့လိုသလို အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြုံတွေ့နေရတဲ့ အောက်မြန်မာပြည်လို ဆိုရင်တော့ မိရိုးဖလာ ရိတ်သိမ်းနည်းတွေ၊ အခြောက်ခံနည်းတွေကို ပြုပြင်ရမယ်လို့လည်း ပြောဆိုပါတယ်။
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန (လယ်/ဆည်) အနေနဲ့ CSA စနစ်နဲ့ပတ်သက်လို့ အစပျိုး အကောင် အထည် ဖော်မှုအဖြစ် တောင်သူလယ်သမားတွေကို CSA စိုက်ပျိုးရေးနည်းစနစ်တွေ၊ ဆောင်ရန်ရှောင်ရန် အချက်တွေ၊ အယ်လ်နီညို လာနီညာ စတဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟုသုတွေကို ပညာပေးမှုတွေ လုပ်ဆောင်နေပြီလို့ လယ်/ဆည် ဝန်ကြီးရုံးရဲ့ လက်ထောက် အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပြပါတယ်။
ဦးမျိုးတင့်ထွန်းက “သဘာဝဘေး အန္တရာယ် တတ်နိုင်သမျှ လျော့ပါးရေး အတွက်က တောင်သူတွေအနေနဲ့ စိုက်နည်းစနစ် တို့၊ မျိုးကအစ ရာသီဥတုဒဏ် ခံနိုင်တဲ့မျိုးတွေ ပြောင်းလဲစိုက်ပျိုးဖို့၊ မိုးခေါင်တဲ့ ဒေသတွေမှာ ဆိုလည်း ရေငတ်ခံတဲ့ မျိုးတွေ စိုက်ဖို့ ဒါမျိုး အသိပညာပေး လုပ်ငန်းတွေတော့ အားသွန်ခွန်စိုက်လုပ်နေပါတယ်”လို့လည်း ပြောဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက CSA စနစ်ကို ကျင့်သုံးတဲ့အခါမှာ စိုက်ပျိုုးရေးကို လက်တွေ့လုပ်ကိုင် နေကြတဲ့ တောင်သူတွေရဲ့ အဓိက ပူးပေါင်း ပါဝင်မှုက အရေးကြီးတယ်လို့လည်း ပြောပါတယ်။
CSA နဲ့ပတ်သက်လို့ ဖိလစ်ပိုင်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနနဲ့ လယ်/ဆည် ဝန်ကြီးဌာန လက်အောက် ရှိ စိုက်ပျိုးရေး သုတေသန ဌာန၊ စိုက်ပျိုးရေး တက္ကသိုလ်တွေနဲ့ ပူပေါင်းပြီး စာတမ်းတခု ပြုစုကာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း လောက် က ထုတ်ဝေနိုင်ခဲ့တယ်လို့ သိရပါတယ်။
CSA စနစ် အောင်မြင်လာပြီဆိုရင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆုံးရှုံးမှုတွေကို အတော်လေး လျှော့ချနိုင်မှာ ဖြစ်သလို ဒီလို လျှော့ချနိုင်ခြင်းကနေ ပြည်တွင်း စားသုံးမှု ဖူလုံရေး (Domestic Consumption) ကို အထောက်အကူ ဖြစ်ရုံသာမက ပိုလျှံတာတွေကိုလည်း တခြား အိမ်နီးချင်း နိုင်ငံတွေကို ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရမှာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
၂၀၁၆ ဇူလိုင်လအတွင်း ပြည်နယ်နဲ့တိုင်း ဒေသကြီးတချို့မှာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ် ခဲ့လို့ နိုင်ငံတဝန်း စိုက်ပျိုးဧက စုစုပေါင်း ၅ သိန်းကျော် ရေနစ်မြုပ်မှု ခံရပြီး လောလောဆယ် မှာ ဧက ၁ သိန်းခွဲကျော် ရေပြန် ပေါ်နေပြီလို့ ဦးမျိုးတင့်ထွန်း က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးထားတဲ့မိုးစပါး ၃ သိန်းကျော် ရေနစ်မြုပ်ခဲ့ရပြီး အဲဒီအပေါ်မှာ စိုးရိမ်စိတ်တွေဝင်၊ ဝယ်လိုအားတွေ မြင့်တက်ခဲ့လို့ ပြည်တွင်းဆန်စျေးနှုန်း အဆမတန်မြင့်တက်ခဲ့သလို ပြည်ပဆန် တင်ပို့မှု ကိုလည်း တလခွဲ ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ဆန်စပါးကို အဓိကထား စိုက်ပျိုး ကြပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ တနှစ်ပတ်လုံး အတွက် စုစုပေါင်း သီးနှံစိုက်ဧက သန်း ၅၀ ကျော် စိုက်ပျိုးတယ် လို့ ဦးမျိုးတင့်ထွန်းက ပြောပြပါတယ်။