ပုဂ္ဂလိက ကုမ္ပဏီတခုနှင့် အကျိုးတူ ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့၊ မင်းဓမ္မဥယျာဉ် အိမ်ရာတွင် ပညာရေး ၀န်ကြီးဌာနက အခန်းပေါင်း ၂၃၉၀ ရရှိမည်ဖြစ်ရာ ယင်းအခန်းများတွင် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ပညာရေး ၀န်ထမ်းများကို နေထိုင်ခွင့် ပြုသွားမည်ဟု သတင်းရရှိသည်။
ပညာရေး ၀န်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်နှင့် ပါမောက္ခချုပ် အဆင့်များ၊ ညွှန်ကြားရေးမှူး၊ ဌာနမှူးအဆင့်များ၊ ပါမောက္ခ၊ တွဲဖက် ပါမောက္ခ (၀ါရင့်)၊ ဒု ညွှန်ကြား ရေးမှူး (၀ါရင့်) အဆင့်များ၊ လက်ထောက် ကထိက (၀ါရင့်) အဆင့်များ၊ လက်ထောက် ကထိကအဆင့်များနှင့် နည်းပြ သရုပ်ပြ (၀ါရင့်) များအတွက် အဆောက်အဦပေါင်း ၃၀ တည်ဆောက်ထားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။
“ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်း မိမိကိုယ်ပိုင်အိမ် မရှိသူ၊ မိမိခင်ပွန်း သို့မဟုတ် ဇနီးတွင် ကိုယ်ပိုင်အိမ် မရှိသူ၊ နိုင်ငံပိုင် အိမ်ခန်းရယူထားခြင်း မရှိသူများမှ လျှောက်ထားခြင်းကို စိစစ်နေထိုင်ခွင့် ပြုပါတယ်” ဟု ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။
သြဂုတ်လ ၁၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက “လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ မင်းဓမ္မမလမ်းနှင့် ပါရမီ လမ်းထောင့်ရှိ တက္ကသိုလ်ဆရာ၊ ဆရာမများ ရိပ်သာ အပါအဝင် ပညာရေး ၀န်ကြီးဌာနပိုင် မြေနေရာတွင် ဆောက်လုပ်နေသော အဆောက်အဦများအား မည်သို့ စီမံဆောင်ရွက်ထားသည်၊ ပညာရေး ၀န်ထမ်းများအား မည်သို့ နေရာချထားပေးမည်နှင့် ဆောက်လုပ်ခွင့်ရ ကုမ္ပဏီနှင့် မည်သို့ သဘောတူထားပါသည်ကို သိရှိလိုခြင်း” ကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ၀န်ကြီးက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်တွင် တည်ဆောက်လျက်ရှိသည့် မင်းဓမ္မဥယျာဉ် အိမ်ရာ စီမံကိန်းကို ပညာရေး ၀န်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Myanmar Imperial Vega Co,Ltd တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။