ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ သက်တမ်းရင့် ထင်းရှူးပင်များ ခုတ်ကာ လွှတ်တော်သစ် တည်ဆောက်မည့် ကိစ္စကို ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ပြန်လည် သုံးသပ် သွားမည် ဟု သတင်းရရှိသည်။
သက်တမ်းရင့် သစ်ပင်များ ခုတ်ကာ လွှတ်တော်သစ် တည်ဆောက်မည့် နေရာကို တောင်ကြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ နှင့် တောင်ကြီး ဒေသခံများက သြဂုတ်လ ၁၅ ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရ ရုံးသို့ တရားဝင် စာတင် ကန့်ကွက်ခဲ့သည် ဟု သိရသည်။
“သြဂုတ် ၁၃ ရက်နေ့က ကျမတို့ကို လွှတ်တော် ဥက္ကဋ္ဌက သူ့ အိမ်ခေါ်တွေ့တယ်။ ပြည်သူအများရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မလုပ်ပါဘူးလို ပြောပါတယ်။ အစိုးရ အဖွဲ့ကို ပြန်တင်ပြပြီး ညိနှိုင်းမယ်လို့ ပြောပါတယ်။ အဲဒီနေရာကို လွှတ်တော်သစ် မဆောက်ဘူးလို့ တရားဝင် မပြောသေးပါဘူး” ဟု ရှင်သန် ကမ္ဘာမြေအစိမ်းရောင် ကွန်ယက် ဥက္ကဋ္ဌ ဒေါ်ချယ်ရီကျော်က ဧရာဝတီသို့ပြောသည်။
လွှတ်တော်သစ် တည်ဆောက််ရန် လျာထားသည့် သက်တမ်းရင့် ထင်းရှူးပင်များ ကို ကြိုးများနှင့် အလံများ မတားတော့ကြောင်း၊ ယင်းနေရာသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အများဆုံး နေရာ နှင့် တောင်ကြီး ဒေသခံများ အတွက် အထင်ကရ နေရာ တခု ဖြစ်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဒေါ် ချယ်ရီကျော်က ပြောသည်။
“ လွှတ်တော်သစ် ဆောက်မယ့် နေရာ နောက်ထပ် တခုကို လွှတ်တော်ဥက္ကဋ္ဌက ကျမတို့ကို ချပြပါတယ်။ နောက်ရွေးတဲ့နေရာက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်းတယ်။ သစ်ပင်ကြီးတွေလည်း သိပ်မရှိဘူး။ အဲ့နေရာလုပ်ရင် ပိုအဆင်ပြေပါတယ်” ဟု လည်း ဒေါ်ချယ်ရီကျော်က ဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သီပေါမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် လွှတ်တော်သစ် တည်ဆောက်ရေး အတွက် တင်ဒါ ရွေးချယ်ရေး ကော်မတီဝင် နန်းစန်းစန်းအေး က “လွှတ်တော်သစ် ဆောက်ဖို့ ရွေးတဲ့နေရာတောင် ကျမ မသိရတာ။ နောက်ပြီး ဘယ်နေရာကို ပြန်ရွေးထားလည်း ဆိုတာ ကျမ မသိဘူး။ ကျမက ကော်မတီဝင်ထဲမှာ ပါတယ်။ အရင်ကတည်း က သစ်ပင်အများကြီး ရှိတဲ့နေရာ မရွေးဖို့ ပြောပြီးသားပါ” ဟု ဧရာဝတီသို့ ပြောသည်။
လွှတ်တော်သစ် တည်ဆောက်ရာတွင် သက်တမ်းရင့် ထင်းရှူးပင်များနှင့် သစ်ပင်များ ကို ခုတ်ရမည်ဟု ညွန်ကြားစာ တစုံတရာ မတွေ့ရှိကြောင်း၊ မည်ကဲ့သို့ စတင် ပြောဆိုနေသည်ကို သိရှိလိုကြောင်း ရှမ်းပြည်နယ် လွှတ်တော်ရုံး ညွန်ကြားရေးမှူး ဦးကျော်သူဇော်က ဧရာဝတီသို့ပြောသည်။
ဒေသခံများ ကန့်ကွက်သည့်နေရာကို လွှတ်တော်သစ် တည်ဆောက်မည်ဆိုပါက ဆက်လက် ကန့်ကွက် သွားမည် ဖြစ်ကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။