အစိုးရက ယခုလကုန်တွင် ပြုလုပ်မည်ဖြစ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံသို့ တက်ရန် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့က ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာ လိုက်သည်။
အစိုးရ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားပြီး ၂၁ ရာစု ပင်လုံသို့ တက်ရေး မရေမရာဖြစ်နေသည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က ယနေ့ မိုင်းလားမြို့တွင် အစည်းအဝေး တရပ်ပြုလုပ်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး မိုင်းဘုန်းကျော် က “အစိုးရက တက်ဖို့ဖိတ်တယ်ဆိုရင် ကျနော်တို့က အဆင်သင့် ဖြစ်တယ် ဆိုတာ ပြောတာပါ။ ဒါပေမယ့် အစိုးရဘက်က ၂၁ ပင်လုံကို တက်ရောက်ဖို့ ဖိတ်စာတော့ ကျနော်တို့ဆီ မရောက် သေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့သော ယခုလ ၁၅ ရက်နေ့က နေပြည်တော် တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် ၂၁ ပင်လုံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်မည့် အားလုံးပါဝင်ရေးမူကို ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ကြားသိရသဖြင့် တက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိအစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အပြုသဘော ဆောင်သည့် နိုင်ငံရေးပြောင်းလဲမှု ခြေလှမ်းတရပ်အနေဖြင့် ၎င်းတို့ ၃ ဖွဲ့က ကြိုဆို ထောက်ခံကြောင်း ၂၁ ရာစု ပင်လုံ ညီလာခံကို ယခုလ ၃၁ ရက် နေ့တွင် ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့သည်ကိုလည်း ကြိုဆိုလိုက်ပြီး တက်ရောက် နိုင်ရန် အဆင်သင့် ရှိကြောင်းလည်း ၎င်းတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် တွေ့ရသည်။
တပ်မတော်အနေဖြင့် အဆိုပါ မဟာမိတ် ၃ ဖွဲ့ အပေါ် မူလက လက်နက်စွန့်ကြောင်း ထုတ်ပြန်မှ နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရမည် ဖြစ်ကြောင်း သဘောထား ပေးထားပြီး ထို ၃ ဖွဲ့ကလည်း လက်နက်စွန့်မည်ဟု မထုတ်ပြန်နိုင်ကြောင်း ၎င်းတို့ ၏ သဘောထားအား တုံ့ပြန်ထားသည်။
အဆိုပါ ၃ ဖွဲ့ ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်နိုင်ရေး အတွက် အစိုးရဘက်ကလည်း ကြိုးစားလျက်ရှိပြီး ယခုလ ၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို၌ အစိုးရ ၏ ငြိမ်းချမ်းရေးကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်သည့် အဖွဲ့နှင့် ထို ၃ ဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မဟာမိတ် ၃ ဖွဲ့အနေဖြင့် “လက်နက်ကိုင်လမ်းစဉ် ကို အပြီးတိုင် စွန့်လွှတ်/ချုပ်ငြိမ်း လိုသည့် ဆန္ဒ အပြည့်အဝ ရှိပါသည်” ဟု ထုတ်ပြန်ပေးရန် ညှိနိုင်းခဲ့သော်လည်း မဟာမိတ် ၃ ဖွဲ့ဘက်မှ “လက်နက်ကိုင် ပဋိပက္ခကို အပြီးတိုင် ချုပ်ငြိမ်းရန် ဆန္ဒအပြည့် အဝရှိသည်”ဟုသာ ထုတ်ပေးနိုင်ကြောင်း အကြောင်းပြန်သဖြင့် ဆွေးနွေးပွဲ မပြီးပြတ် ဘဲ ဖြစ်ခဲ့ရသည်။
မဟာမိတ် ၃ ဖွဲ့ အနေဖြင့် ၂၁ ရာစု ပင်လုံ တက်ရောက်နိုင်ရေး အတွက် ကနဦး ဆွေးနွေးထားသည့် အတိုင်း ကတိပြုမှု ကြေညာချက် ထုတ်ပြန် ပေးရန် လိုအပ်ကြောင်း ယင်းသို့မထုတ်ပြန်ဘဲ ၎င်း ၃ ဖွဲ့နှင့် စကားပြောစရာ မရှိကြောင်း အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး က ဧရာဝတီသို့ ပြောသည်။
ဦးခင်ဇော်ဦး က “၃ ဖွဲ့က ကတိမပြုမချင်း ညီလာခံ တက်လို့ရမှာ မဟုတ်ဘူး။ သူတို့က နိုင်ငံရေး ဆွေးနွေးမယ် ပြောတယ်။ လက်နက်ကိုင် လမ်းစဉ်နဲ့ ဘယ်လိုလုပ်မလဲ ဆိုတာ မပါဘူး။ တချိန်မှာ လက်နက်ကိုင် နည်းလမ်းကို အပြီးတိုင် ချုပ်ငြိမ်း စေလိုတဲ့ သဘောထားတော့ သူတို့ ဖော်ပြရမှာပေါ့။ ငြိမ်းချမ်းရေး ညီလာခံမှာ ပါချင်တယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ချင်တယ် ဆိုတဲ့ ကတိမျိုး ပေးရမယ်။ ငြိမ်းချမ်းရေး လုပ်ချင်ရင် လုပ်ဆောင်ချက်နဲ့ ပြရမယ်။ ငြိမ်းချမ်းရေးလုပ်ချင်တဲ့ လမ်းကြောင်းကို လိုက်ရမယ်လေ” ဟုလည်း ပြောဆိုသည်။
လက်နက်စွန့်ရေးကိစ္စကို တပ်မတော်က ပြောဆိုနေခြင်းဖြစ်ပြီး ယင်းကိစ္စသည်လည်း နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းမှာသာ ပြောဆိုရမည့်ကိစ္စဖြစ်ကြောင်း ယခုလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော UPDJC အစည်းအဝေးတွင်လည်း တပ်မတော် ပါဝင်ကြောင်း ဗိုလ်မှူးကြီး မိုင်းဘုန်းကျော် က ပြောသည်။
“ကျနော်တို့လည်း အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နည်းတူ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ကျနော်တို့ အဆင်သင့်ဖြစ်တယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုနဲ့ ကျနော်တို့တွေ့ဆုံ ဖြေရှင်းသွားမယ်။ လက်နက်ကိုင် လမ်းစဉ်တို့ လက်နက်စွန့်လွှတ်ဆိုတဲ့ ကိစ္စတွေက ကျနော်တို့ တွေ့ဆုံဆွေးနွေးတဲ့ အခါကြမှပဲ ဆွေးနွေးရမယ့် ကိစ္စတွေလို့ ကျနော်တို့ မြင်ပါတယ်” ဟု ဗိုလ်မှူးကြီး မိုင်းဘုန်းကျော် ကပြောသည်။
အဆိုပါ မဟာမိတ် ၃ ဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ထိုးထားခြင်း မရှိသေးသည့် အဖွဲ့များဖြစ်ပြီး တပ်မတော်က ၎င်းတို့အား ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိခိုက်စေသော လုပ်ရပ်အား လုပ်ဆောင်ထားသော အဖွဲ့များအဖြစ် သတ်မှတ်ပြီး ခွဲခြားထားသည်။