ရခိုင်ပြည်နယ်မှ အသိုင်းအဝန်းနှစ်ခုကြားနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ဖြေရှင်းရန် မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာရခိုင်ကိုယ်စားလှယ်များပါဝင်သော ကော်မရှင်တစ်ခုဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်နေသော်လည်း ထိုအဖွဲ့ဝင်အများစုမှာ ရခိုင်ပြည်နယ်မှ မဟုတ်ဘဲ ရန်ကုန်မှ ဖြစ်နေကြောင်း သိရသည်။
အဖွဲ့ဝင် ၉ ဦးပါ ထိုကော်မရှင်သစ်သည် ရခိုင်ပြည်နယ်တွင် အတိုင်ပင်ခံအခန်းကဏ္ဏမှ ပါဝင်မြည်ဖစ်ပြီး ဒေသခံ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အသိုင်းအဝန်းများ၏ အမြင်များကို တောင်းခံကာ ဗဟိုအစိုးရသို့ တင်ပြမည်ဖြစ်သည်။ ယင်းဗဟိုအစိုးသည် ထိုဒေသကို တင်းကျပ်စွာ ချုပ်ကိုင်ပြီး ပြည်နယ်အဆင့် ခေါင်းဆောင်များကို ဆုံးဖြတ်ပိုင်ခွင့်မပေးပေ။
ထိုကော်မရှင် ဖွဲ့စည်းခြင်းကို စစ်တွေမြို့တွင် သြဂုတ်လ ၁၅ ရက်နေ့က ကျင်းပခဲ့သော ရခိုင်ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ရပ်ရွာလူကြီးများအတွက် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီက သီးခြားစီပြုလုပ်ပေးသော အစည်းအဝေးများတွင် အသိပေးခဲ့ခြင်းဖြစ်သည်။ ထိုဗဟိုကော်မတီတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပါဝင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုအစည်းအဝေးများသို့ မတက်ရောက်ခဲ့ပေ။ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲလွင်သည် ကော်မတီဝင်များအနက် အစည်းအဝေးများသို့ တက်ရောက်သော ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
အဖွဲ့ဝင် ၉ ဦးပါ ကော်မရှင်သစ်တွင် နိုင်ငံတကာအသိုင်းအဝန်းမှ အဖွဲ့ဝင် ၃ ဦး (ဧရာဝတီသတင်းဌာနအနေဖြင့် ၎င်းမှာ မည်သူတို့ကို ဆိုလိုသည်ကို သေသေချာချာ မသိသေးပါ)၊ ရခိုင်ဗုဒ္ဓဘာသာအဖွဲ့ဝင် ၂ ဦး၊ မွတ်ဆလင်အဖွဲ့ဝင် ၂ ဦး နှင့် အစိုးရကိုယ်စားလှယ် ၂ ဦးတို့ပါဝင်မည်ဖြစ်ကြောင်း သြဂုတ်လ ၁၅ ရက်နေ့က အစည်းအဝေးတခုကို တက်ရောက်ခဲ့သူ စစ်တွေမြို့မှ ရခိုင်အမျိုးသား အငြိမ်းစားရှေ့နေ ဦးသာပွင့်၏ အဆိုအရ သိရသည်။
၎င်းတို့၏ အဆင့်မြင့်ကော်မတီနှင့် အစည်းအဝေးမှ ရခိုင်ကိုယ်စားလှယ်များက မွတ်ဆလင်နှင့် ရခိုင်ဗုဒ္ဓဘာသာကော်မရှင်အဖွဲ့ဝင်များမှာ ရခိုင်ပြည်နယ်ဒေသခံမဟုတ်ဘဲ ရန်ကုန်မှ ဖြစ်နေသည့်အတွက် မကျေနပ်မှုကိုဖော်ပြခဲ့ကြကြောင်း ဦးသာပွင့်က ပြောသည်။ သီးခြားအစည်းအဝေးတွင် မွတ်ဆလင် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်ဟူသော သတင်း မရပါ။
အဆိုပြုထားသော ရခိုင်ဗုဒ္ဓဘာသာကိုယ်စားလှယ်တဦးဖြစ်သော ဦးဝင်းမရသည် ၂၀၁၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိဟု အကျယ်အပြန့် ဝေဖန်ခံနေရပြီး လက်ရှိတွင် ၎င်းသည် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဖြစ်သည်။
အဆိုပြု မွတ်ဆလင်ကိုယ်စားလှယ်များအနက်တဦးမှာ ရန်ကုန်အခြေစိုက် ဘာသာရေးအကြီးအကဲနှင့် မြန်မာဘာသာပေါင်း စုံချစ်ကြည်ရေးအသင်းဝင် ဦးအေးလွင်ဖြစ်သည်။ ထို့ကြောင့် မွတ်ဆလင်ကိုယ်စားလှယ်သည် ရိုဟင်ဂျာ သို့မဟုတ် မြန်မာအများစု၏ အခေါ်အတိုင်း ဘင်္ဂါလီ ဖြစ်ရန် သို့မဟုတ် ရခိုင်ပြည်နယ်မှ ဖြစ်ရန် မလိုဟု ယူဆရသည်။ အခြားသော ရခိုင်နှင့် မွတ်ဆလင် ကိုယ်စားလှယ်များကိုမူ မသိရသေးပေ။
ဧရာဝတီသတင်းဌာနနှင့်တွေ့ဆုံခဲ့သည့် ရပ်ရွာလူကြီးဟု ဆိုသူများက ၂၀၁၂နှင့် ၂၀၁၃ခုနှစ် မွတ်ဆလင်ဆန့်ကျင်ရေး ဖြစ်ပွားခဲ့ကတည်းက များစွာ အေးစက်သွားသည့် လူ့အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခကို ဖြေရှင်းရန် ကော်မရှင်သစ်၏ စွမ်းဆောင်ရည်အပေါ် သံသယရှိကြောင်း ဖော်ပြခဲ့ကြသည်။
သြဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သော အစည်အဝေး တက်ရောက်သူတဦးဖြစ်သည့် စစ်တွေမြို့မှ ရိုဟင်ဂျာအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးအောင်ဝင်းက ရခိုင်ပြည်နယ် ဗဟိုအစိုးရက တိုက်ရိုက်အရေးယူဆောင်ရွက်မှသာလျှင် ၎င်းအနေဖြင့်ကျေနပ်မည်ဟုဆိုကာ ကော်မရှင်မှာ လမ်းလွှဲမှုသာဖြစ်သည့် သဘောမျိုးပြောသည်။
“ဗဟိုအစိုးရက တိုက်ရိုက်ပါဝင်လာတဲ့အခါမှသာ ကျနော်တို့ရဲ့ပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်” ဟု ဦးအောင်ဝင်းကပြောသည်။
ဒေသခံအငြိမ်းစားရှေ့နေ ဦးသာပွင့်ကမူ တရားဥပဒေစိုးမိုးမှသာ အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဟုဆိုသည်။
၎င်းက အစိုးရသည် ရခိုင်ပြည်နယ်သို့ တရားမဝင်အခြေချသူများအား အရေးယူခြင်း မရှိဟု စွပ်စွဲခဲ့သည်။ ထိုတရားမဝင် အခြေချသူများ (အများအားဖြင့် နိုင်ငံမဲ့ ရိုဟင်ဂျာများ)သည် ၎င်းတို့ကိုယ်၎င်းတို့ ရခိုင်ပြည်နယ်ဒေသခံဟု ပြောကြားသော်လည်း ယင်းအချက်ကို ရခိုင်ဗုဒ္ဓဘာသာအများစုနှင့်မြန်မာပြည်သူ အများအပြားက ကန့်ကွက်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုလကုန်တွင် ကော်မရှင်သစ်နှင့်အတူ ရခိုင်ပြည်နယ်သို့သွားရောက်၍ နှစ်ဘက်ရပ်ရွာ လူကြီးများနှင့် ဆွေနွေးခြင်း ပြုလုပ်နိုင်ကြောင်း ဦးအောင်ဝင်း၏ အဆိုအရ သိရသည်။