မန္တလေးတိုင်းဒေသကြီးတွင် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၆၄ ဦးရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ် ၁၇၀ ခုတွင် သေဆုံးသူ ၆၄ ဦး ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃၇၇၀၆၅၀၀ ရှိကြောင်း မန္တလေးမြို့ အမှတ် ၃ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှ သိရသည်။
“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အလွန်အားနည်းနေတာကို တွေ့ရတယ်။ ဆိုင်ကယ်နဲ့ဖြစ်ပွားမှုက ပိုများတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်ကြောပိတ်ဆို့မှုကို ရှင်းလင်းပေးတာ၊ စည်းကမ်းထိန်းသိမ်းရေး အပိုင်းကို ဆောင်ရွက်နေသလို စည်းကမ်းပျက် ယာဉ်မောင်းသူတွေနဲ့ ယာဉ်တိုက်မှု တရားခံတွေကို မော်တော်ယာဉ် ဥပဒေနဲ့ အရေးယူနိုင်အောင် ဆောင်ရွက်နေတယ်”ဟု အမှတ် ၃ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီး ကံသိန်း ကပြောသည်။
မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်မှ စတင်ကာ ပညာပေးကာလ အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၁ ရက်က စတင်၍ မြို့တွင်း၊ မြို့ပြင်များတွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ရ ဖွဲ့ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရန် စစ်ဆေး အရေးယူမှုများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ဒုတိယရဲမှူးကြီး ကံသိန်း “ယာဉ်မောင်းသူတွေက လမ်းမပေါ်ရောက်ရင် မြို့တွင်း သတ်မှတ်နှုန်းထားထက် ပိုပြီး မောင်းကြတယ်။ စည်းကမ်းက နေ့နဲ့ည ခွဲထားတာ မရှိဘူး။ အဲဒီမှာ အရှိန်ပြင်းပြင်းမောင်းပြီး ယာဉ်တိုက်မှုဖြစ်ရင်လည်း ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြတာ များတယ်။ ဒါကြောင့် ညပိုင်းအချိန်မှာ အကြောင်းကိစ္စရှိလို့ လမ်းမပေါ်ရောက်နေကြရတဲ့သူတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်” ဟု ရှင်းပြသည်။
ဆက်လက်၍ “ ဖမ်းဆီးအရေးမှုတွေ လုပ်နိုင်ဖို့ တိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေသလို ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီး ပြည်သူတွေက ယာဉ်စစ်ဆေးမှုတွေ လုပ်ဆောင် နေရင် ပိုက်ဆံရဖို့ လုပ်နေတယ်။ ဖမ်းနေတယ်လို့ ထင်နေကြတယ်။ တကယ်က လမ်းအသုံးပြုသူတွေ၊ ယာဉ်မောင်းတွေ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှုများနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဇူလိုင်လအတွင်း အသိပညာဟောပြောမှု ၁၀၂ ကြိမ် ပြုလုပ်ခဲ့ပြီး စည်းကမ်းပျက် ယာဉ်နှင့် လူအရေးယူမှု ၂၄၂၉ မှုရှိပြီး လိုင်စင်မဲ့ကား ဖမ်းဆီးရမိမှု ၁မှု ရှိကြောင်း အမှတ် ၃ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲ ၏ မှတ်တမ်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ တရက်လျှင် ယာဉ်မတော်တဆမှု ၆ ကြိမ်ခန့် ဖြစ်ပွားမှုနေပြီး ၁၁ ဦးနှုန်း ဒဏ်ရာရကာ ၂ ဦးနှုန်း သေဆုံးနေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလအထိ ၁၉၄၇ မှုတွင် သေဆုံးသူ ၆၀၉ ဦး ရှိခဲ့ပြီး ဆိုင်ကယ်ကြောင့်ဖြစ်ပွားသော ယာဉ်တိုက်မှုမှာ ရ၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ ဇူလိုင် ၃၁ရက်အထိ ယဉ်တိုက်မှုပေါင်း ၁၂၃၀ ဖြစ်ပွားပြီး သေဆုံးသူပေါင်း ၁၈၇၄ ဦး ရှိကြောင်း သိရသည်။
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်နေသော်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ တဖွဲ့တည်း အနေဖြင့်သာ အဓိက လုပ်ဆောင်နေရခြင်းကြောင့် ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိသလို ဒေသခံပြည်သူများ၏ ပူးပေါင်းပါ၀င်မှု အားနည်းနေကြောင်း သိရသည်။