ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ရန်အောင်ပြင်ချောင်းတွင်း စက်လှေနစ်မြုပ်မှုကြောင့် ကျောင်းသူ ၄ ဦး ပျောက်ဆုံးနေကြောင်း ရသေ့တောင်မြို့နယ်ရဲတပ်ဖွဲ့က ပြောသည်။
ယနေ့မနက် ၉ နာရီ မိနစ် ၃၀ ခန့်က စေတီပြင်ကျေးရွာမှ ကျောင်းသားကျောင်းသူ အပါအဝင် လူ ၁၇ ဦး တင်ဆောင်လာသည့် စက်လှေမှာ ရန်အောင်ပြင်ချောင်းအတွင်း နစ်မြုပ်ရာမှ ကျောင်းသူ ၄ ဦး ရေထဲမျောပါ၍ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
“လှေက လူအရမ်းများလို့ အလေးချိန်မနိုင်လို့ နစ်တာ။ ကျောင်းသူ ၄ ယောက်ပျောက်နေတယ်။ အရေးယူတာတော့ နယ်ခြားစောင့်တပ်ခွဲဘက်က လုပ်လိမ့်မယ်။ အဲဒီဘက်အပိုင်ဖြစ်နေလို့။ ကျောင်းတက်ချိန်မှာ ချောင်းကိုဖြတ်ကူးရင်း ဖြစ်တာ။ ကျန်တဲ့ ၁၃ ဦးက ဘာမှမဖြစ်ဘူး။ ကယ်လု့ိရလိုက်တယ်။ လှေမောင်းတဲ့သူကို အရေးယူမှုတော့ သူတို့လုပ်မှာပေါ့”ဟု ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
စက်လှေနစ်မြုပ်သဖြင့် အထက ကျောင်းခွဲ (ရန်အောင်ပြင်) တွင် တက်ရောက်နေသည့် သတ္တမတန်းကျောင်းသူ မနီနီအေး၊ နဝမတန်းကျောင်းသူ မဦးတင်ရီ၊ ပဉ္စမတန်းကျောင်းသူ မခိုင်ဖြိုးဝေနှင့် မတင်မေဦး တို့ ၄ ဦး ချောင်းအတွင်း မျောပါကာ ပျောက်ဆုံးနေသဖြင့် ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးကျောင်းသူ ၄ ဦး၏ မိဘများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ထားကြောင်း သိရသည်။