သတင်း

ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် ၆ ဦးကို အနားပေး

ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင် ၆ ဦးသည် ရာထူးသက်တမ်း လွန်နေခြင်း၊ အသက်အရွယ် အလွန်ကြီးရင့် နေခြင်းများကြောင့် ရာထူး တာဝန်မှ အနားပေးလိုက်ပြီ ဖြစ်ကြောင်း သာသာနာရေး ဦးစီးဌာန ဒုတိယ အမြဲတန်း အတွင်းဝန် ဦးဇာနည်ဝင်းက ယနေ့ နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် အစိုးရ ရက် ၁၀၀ လုပ်ဆောင်ချက်များ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“တချို့တွေက အသက် ၇၀ ပြည့် အနားယူရမှာကို မယူဘဲ တနှစ် ထပ်တိုးနေတာတွေ၊ တချို့ကျတော့လည်း အသက်ကြီးပြီး ကျန်းမာရေး မကောင်းတော့တာ တွေလည်းပါတယ်” ဟု ဦးဇာနည်ဝင်းက ပြောသည်။

ထို့ကြောင့် ယခင် ဂေါပက ၁၁ ဦး အနက် အနားပေးခံရသည့် ၆ ဦး နေရာတွင် နယ်ပယ်စုံမှ ပုဂ္ဂိုလ် ၆ ဦးတို့ဖြင့် အစားထိုးခဲ့ရာ ယခင် အားကစား ဒုဝန်ကြီး ဟောင်း ဦးသောင်းထိုက်လည်း ရွှေတိဂုံစေတီ ဂေါပက အဖွဲ့ဝင်သစ်ဖြစ် လာကြောင်း သတင်းရရှိသည်။

ရွှေတိဂုံ စေတီတော်ကြီး၏ ဂေါပက စည်းမျဉ်း/စည်းကမ်း နည်းဥပဒေများကို လက်ရှိကာလနှင့် ကိုက်ညီမှု ရှိစေရန် ဥပဒေ ပညာရှင်များနှင့် အသစ်ပြန်လည် ရေးဆွဲပြီးနောက် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ဥပဒေ အကြံပြုချက် တင်ပြတောင်းခံထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

“ကျမတို့ နိုင်ငံက ဘာသာတရား ကိုင်းရှိုင်းကြတော့ အလှူဒါနကိုလည်း တော်တော်လေး ရက်ရောကြပါတယ်။ ရက်ရောတဲ့အတွက် နာမည်ကြီးတဲ့ ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ မဟာမြတ်မုနိ ဘုရားတွေကရတဲ့ လှူဒန်းငွေတွေက ဘီလီယံနဲ့ချီပါတယ်။ အဲဒီ အခါမှာ နှစ်ရှည်ကြာစွာ ဆောင်ရွက်နေတဲ့ ဂေါပက အဖွဲ့ဝင်များကိုလည်း လူသားတွေရဲ့ သဘာဝအရ တခုခု အမှားအယွင်း မရှိအောင် ပြဿနာတွေ မကြီးထွားအောင် သက်ဆိုင်ရာ ဆရာတော်ကြီးတွေက သြဝါဒပေးတာ ရှိပါတယ်” ဟု သာသနာရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဒေါ်နန္ဒာမွှန်းက ရက် ၁၀၀ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဆရာတော်ကြီးများက သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီးအသစ် သူရဦးအောင်ကိုအား အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ သြဝါဒများ ပေးသဖြင့် ရွှေတိဂုံနှင့် ကျိုက်ထီးရိုး စေတီတော်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျိုက်ထီးရိုး ဂေါပကအဖွဲ့ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း ပြန်လည် ရေးဆွဲပြီးနောက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း၊ သို့သော် မဟာမြတ်မုနိ ဂေါပက စည်းမျဉ်းများမှာ ယခင် အစိုးရ လက်ထက်ကပင် ပြန်လည် ရေးဆွဲခဲ့သဖြင့် ထပ်မံ၍ ပြင်ဆင်ခြင်း မပြုတော့ကြောင်း သိရသည်။

“ကျိုက်ထီးရိုး ဂေါပကကိုလည်း ယာယီ ဂေါပက ပုံစံမျိုး ထားပြီးပါပြီ။ မကြာခင် အသစ်ပြန်ဖွဲ့ရမှာပါ။ ဥပဒေနဲ့အညီ ဆောင်ရွက်မယ် ဆိုတာလည်း သတင်းထုတ်ပြန်ပြီးပါပြီ” ဟု ဦးဇာနည်ဝင်းက ရက် ၁၀၀ ရှင်းလင်းပွဲအပြီး ဧရာဝတီသို့ ပြောသည်။

Loading