မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် အမျိုးသမီး တဦး အား ချစ်သူဟောင်း က အက်ဆစ်ဖြင့် ပက်ပြီး အကြမ်းဖက်မှု ပြုလုပ်သည့် အမှုကို အမြန်ဆုံး တရားစီရင်ပေးရန် အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသည့် အဖွဲ့ ၃ဖွဲ့က တောင်းဆိုလိုက်သည်။
မေ ၂၂ ရက်နေ့က အသက် ၂၃နှစ် အရွယ် အမျိုးသမီးတဦးကို အက်ဆစ်ဖြင့် ပက်ခဲ့သည့် လူသားမဆန်သော လုပ်ရပ်ကြောင့် ၎င်းမှာ ရုပ်နှင့် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နာကျင်မှုများ ရှိနေသဖြင့် တရားစီရင်မှုကို အမြန်ဆုံး လုပ်ဆောင်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကို အမျိုးသမီး အဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသမီး ဖွံ့ဖြိုးရေး အဖွဲ့၊ အခရာ အမျိုသမီးအဖွဲ့ နှင့် Myanmar Women Positive Network တို့က ဦးဆောင်ပြီး အက်ဆစ်ဖြင့် အကြမ်းဖက်ခံရသူ အမျိုးသမီး အတွက် “မြန်မာနိုင်ငံတွင် အက်ဆစ်နှင့် အကြမ်းဖက်မှု အလိုမရှိ” ပြည်သူ့အသံ နှင့် တောင်းဆိုမှု ကို Summit Parkview ဟိုတယ်တွင် ယနေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ လှုပ်ရှားမှုတွင် ၎င်းအမျိုးသမီး ကြုံတွေ့ခဲ့ရသည့် အက်ဆစ် မပက်ခံရမီ နှင့် အက်ဆစ်ပက်ခံရသည့် အချိန် အဖြစ်အပျက် အမှန်ကို သရုပ်ဖော်ပြသခဲ့သည်။
လှုပ်ရှားမှု လုပ်ရသည့် ရည်ရွယ်ချက်မှာ အက်ဆစ်ဖြင့် ပက်ပြီး အကြမ်းဖက်ခံရသည့် အမျိုးသမီး ၏ ခံစားချက်နှင့် အခက်အခဲများ သိရှိစေရန်၊ တရားဥပဒေကို တိကျမြန်ဆန်စွာ တရားစီရင်ပေးရန်၊ အမျိုးသမီး များကို အကြမ်းဖက်မှု တာဆီးကာကွယ်ပေးရေး အတွက် ဥပဒေ အမြန်ပြဋ္ဌာန်း ပေးရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း အခရာ အမျိုးသမီး အဖွဲ့မှ အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်နန်းထွေးက ဧရာဝတီသို့ ပြောသည်။
“ ကျမတို့ ဆောင်ရွက်ခဲ့တဲ့ အမှုထဲမှာ ဒီအမှုက အရမ်းကို ပြင်းထန်ပြီး ရှားပါးတဲ့အမှုလည်းဖြစ်တယ်။ ကြားပဲကြားဖူးတယ်။ ကိုယ့် မျက်စိထဲမှာ မမြင်ဖူးဘူး။ ကိုယ်တွေ ကိုင်တွယ်တဲ့အမှုမှာလည်းမပါဘူး။ အခုတော့ သူ့အတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့ ဆန္ဒကြောင့်လုပ်ပေးပါတယ်” ဟု ဒေါ်နန်းထွေး ကဆိုသည်။
အက်ဆစ်ဖြင့် ပက်ခံခဲ့ရသော အမျိုးသမီးသည် မျက်လုံးတလုံး၊ နားတဖက်၊ မျက်နှာတခြမ်း၊ လည်ပင်း၊ ပုခုံး၊ လက်နှစ်ဘက် နှင့် ရင်ဘတ်တခြမ်း အက်ဆစ်ကျွမ်းလောင်မှု ဝေဒနာ ခံစားနေရကြောင်း၊ ရန်ကုန်ဆေးရုံကြီးတွင် ၂ လကြာ ဆေးကုသခံယူထားပြီး ဆက်လက် ကုသရန်အတွက် ငွေကြေး အခက်အခဲဖြစ်နေကြောင်း အမျိုးသမီး တက်ကြွလှုပ်ရှား နေသည့် အဖွဲ့က ပြောသည်။
အက်ဆစ်ဖြင့် ပက်သည်ဟု ယူဆထားကြောင်း သံသယရှိသူ သူမ၏ ချစ်သူဟောင်း ကိုလည်း ပြင်းထန်စွာနာကျင်မှု နဲ့ အမှုဖွင့် တရားစွဲဆို ထားရာ အမှုကို ၃ ကြိမ်တိုင် စစ်ဆေးထားကြောင်း ဒေါ်နန်းထွေးက ပြောသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှု များ နေရာအနှံ့အပြားဖြစ်ခဲ့သော်လည်း ထိရောက် တားဆီးကာကွယ်ခြင်း အရေးယူခြင်း များ အားနည်းနေကြောင်း အမျိုးသမီး အဖွဲ့အစည်းများက ထောက်ပြပြောဆိုသည်။
“ အခု အက်ဆစ်နဲ့ပက်ခံရတဲ့ မိန်းကလေးဆိုရင် ရုပ်ပိုင်းရော စိတ်ပိုင်း ပျက်စီးသွားတယ်။ အသက် ၂၃ နှစ် အမျိုးသမီးငယ်တင် မဟုတ်ဘူး။ တခြားအမျိုးသမီးတွေအားလုံး ခံစားရတဲ့ ကိစ္စတွေကို ကိုယ်ချင်းစာပြီး ကိုယ်တိုင် ဒီလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ ဆိုတာ အားလုံး သိအောင် ဒီလှုပ်ရှားမှုကို လုပ်တာပါ” ဟု ကရင်အမျိုးသမီး ဖွံ့ဖြိုးရေး အဖွဲ့မှ ဒေါ်နော်မော်မော်က ဧရာဝတီသို့ ပြောသည်။
သူက “လူတွေက လူသားချင်း စာနာထောက်ထားတာ မရှိတော့ဘဲ တကိုယ်ကောင်းဆန်လာတယ်။ ကိုယ်ကျိုးပဲ ကြည့်တော့တယ်။ အဲဒီ စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲဖို့အတွက် ပညာရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်တယ်” ဟု သုံးသပ်သည်။
၂၀၁၆ ခုနစ်အတွင်း ရန်ကုန်မြို့ရှိ တော်ဝင် ဈေးဝယ်စင်တာ၊ ဒဂုံဈေးဝယ်စင်တာနှင့် ရန်ကင်း ဈေးဝယ်စင်တာ များတွင် သမီးရည်းစားအချင်းချင်း ပြဿနာကြောင့် ရည်းစားဖြစ်သူ မိန်းကလေးကို ဓားဖြင့် ထိုးကာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။