ပြည်ပနိုင်ငံများသို့ တရားဝင် အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ပေးနေသည့် ဝန်ဆောင်မှု လုပ်ငန်းရှင်များ လိုက်နာရမည့် ကျင့်ဝတ် ဆိုင်ရာ သတ်မှတ်ချက်ပါ အလုပ်သမားများထံမှ ဝန်ဆောင်ခ မယူရန် ဆိုသည့် အချက်အပေါ် အလုပ် အကိုင် အေဂျင်စီများက ဝေဖန် ပြောဆိုကြသည်။
ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Novotel ဟိုတယ်၌ ပြုလုပ်သည့် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများ လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများက အထက်ပါကဲ့သို့ ပြောဆိုကြခြင်း ဖြစ်သည်။
မလေးရှားနှင့် ထိုင်းနိုင်ငံသို့ အဓိကဝန်ဆောင်မှုပေးနေသည့် လူထိပ်မိုး ပြည်ပ အလုပ်အကိုင် အေဂျင်စီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ဇင်က “အစိုးရဘက်က နိုင်ငံအလိုက်ပေးရမယ့် ဝန်ဆောင်ခနှုန်းထားကို ဈေးသက်မှတ်ထားတာ ရှိပါ တယ်။ အခုပွဲမှာ သူတို့ပြောသွားတာက အဲဒါကိုတောင် မယူရဘူးဆိုတော့ ကျနော်တို့ အေဂျင်စီတွေ ဘာသွားယူရမှာလဲ။ ကျနော်တို့ လုပ်ငန်းက ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမျိုးပါ။ ဝန်ဆောင်ခ ပေးဖို့တော့ လိုတာပေါ့။ အခုက မဖြစ်မနေ ကျင့်ဝတ် အနေနဲ့ လိုက်နာရမယ်ဆိုတော့ ကျနော်တော့ လက်မှတ်ထိုးဖို့ ပြန်စဉ်းစားရတော့မယ်” ဟု ပြောသည်။
ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများ လိုက်နာရမည့် အချက်ပေါင်း ၂၇ ချက် ပါဝင်သည့် ကျင့်ဝတ်ဆိုင်ရာ လက်မှတ်ရေးထိုးပွဲကို ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများ အဖွဲ့ချုပ်(MOEAF)၊ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO)နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (MOLIP) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ် သည်။
အစိုးရက သတ်မှတ်ထားသည့် အလုပ်အကိုင် ဝန်ဆောင်ခ နှုန်းထားများမှာ မလေးရှားနိုင်ငံ အတွက် အလုပ်ရှင်၊ အလုပ်သမားကြား ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၈၅၀ နှင့် ကျပ် ၂၅,၀၀၀ နှုန်း၊ ထိုင်းနိုင်ငံ အတွက် ဝန်ဆောင်ခ ကျပ် ၁ သိန်းခွဲနှင့် ဂျပန်နိုင်ငံ အတွက် ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၃,၀၀၀ နှုန်း စသည့်ဖြင့် သတ်မှတ်ထားသည်။
ILO အဖွဲ့၏ ပြဌာန်းချက်မူအရ အလုပ်သမားများထံမှ ဝန်ဆောင်ခယူဆောင်မှု မလုပ်ရန်ဆိုသည့် အချက်ကို ကျင့်ဝတ် ရေးဆွဲရာတွင် ထည့်သွင်းရေးဆွဲထားပြီး ထိုအချက်ကြောင့် အလုပ်သမားဘက်မှ ပေးဆောင်သည့် ဝန်ဆောင်ခဖြင့် ရပ်တည်နေရသည့် အလုပ်အကိုင် အေဂျင်စီများ အတွက် ထိခိုက်မှုရှိကြောင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီများက ပြောသည်။
ILO ပြဌာန်းချက်ပါ အလုပ်ရှင်၊ အလုပ်သမားနှင့် ဆိုင်သည့် အချက်များကို ဥရောပနိုင်ငံများက အပြည့်အ၀ လိုက်နာခြင်း ရှိသော်လည်း အရှေ့တောင်အာရှ နိုင်ငံများတွင် ထိုအချက်ကို အလုပ်ရှင်ဘက်က လိုက်နာမှု အားနည်းနေသည့် အတွက် အလုပ်အကိုင် အေဂျင်စီများ အတွက် အခက်အခဲ ရှိနေခြင်း ဖြစ်ကြောင်း MOEAF အဖွဲ့ တွဲဖက် အတွင်းရေးမှူး (၁) ဦးကျော်ဇော က ပြောသည်။
“ဥရောပ နိုင်ငံတွေမှာတော့ အစကတည်းက သတ်မှတ်ချက်တွေရှိလို့ အလုပ်ရှင်ဘက်က ပေးရတယ်။ ဒါပေမယ့် ကမ္ဘောဒီးယား၊ နီပေါတို့၊ လာအိုတို့လို အရှေ့တောင်အာရှ နိုင်ငံတွေမှာ အလုပ်ရှင်ဘက်က ပေးတာမျိုး မကျင့်သုံးသေးဘူး။ ဒါတွေကို ကျင့်သုံးနိုင်အောင် ကျနော်တို့ အေဂျင်စီတွေဘက်က တင်းခံသင့်ရင် တင်းခံထားရမယ်” ဟုလည်း ၎င်းက ပြောဆို သည်။
ယနေ့ပြုလုပ်သည့် အလုပ်အကိုင် အေဂျင်စီများ လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာ လက်မှတ်ရေးထိုးပွဲကို ပြည်ပ အလုပ် အကိုင် အေဂျင်စီ ၁၂၄ ခု တက်ရောက်ခဲ့ပြီး ကျင့်ဝတ်လိုက်နာမှုအပေါ် လက်မှတ်ရေးထိုးခဲ့သည့် အေဂျင်စီ ၁၀၀ နီးပါး ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့် ရယူထားသည့် ကုမ္ပဏီ စုစုပေါင်း ၂၆၂ ခု ရှိပြီး ထိုကုမ္ပဏီများထဲမှ ၁၂ ခုမှာ ယာယီ ပိတ်သိမ်း ခံထားရကြောင်း သိရသည်။
ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများ လိုက်နာရန် ကျင့်ဝတ်ချမှတ်မှု အခြေအနေများနှင့် ပတ်သက်ပြီး ရွှေသီရိချမ်းသာ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ ဦးကျော်ရှိန်က “ကျင့်ဝတ်ပိုင်း ဆိုင်ရာ အချက်တွေကို အေဂျင်စီတွေကို အရင်ဆုံးချပြရမယ်။ ကြိုတင်ပြီး ဒီအချက်တွေကို ဝေထားသင့်တယ်။ အမှန်တကယ်က Code of Conduct ဆိုတာ ILO က ချပြထားတဲ့ လိုက်နာချက်ပါ။ စာချုပ် မဟုတ်ဘူး။ အခု လက်မှတ်ထိုးခိုင်းတာက လမ်းညွှန်ချက်ကြီးကိုပဲ လက်မှတ် ထိုးခိုင်းတယ်လို့ မြင်တဲ့အတွက် ကျနော်ကတော့ လက်မှတ်မထိုးသေးဘူး”ဟု ပြောဆိုသည်။