ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ခွင့်ပြုချက် မရှိဘဲ တည်ဆောက်ထားသည့် ပုဂံဒေသရှိ ဟိုတယ် ၂၅ လုံးကို ဆက်လက် ခွင့်ပြုရန် သင့်၊ မသင့်နှင့် ပတ်သက်၍ အစိုးရအနေဖြင့် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း သိရသည်။
လက်ရှိ တည်ဆဲ ဥပဒေများအရ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဖြစ်သည့် ပုဂံတွင် စီးပွားရေးဆိုင်ရာ အဆောက်အဦများကို လုံး၀ ဆောက်လုပ်ခွင့် မပြုခဲ့သော်လည်း ဆောက်လုပ်ထားပြီး ဖြစ်သည့် ဟိုတယ် ၂၅ လုံး ကိစ္စကို ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနက ဆက်လက် ဆောင်ရွက်ရန် သင့်၊ မသင့်နှင့် ပတ်သက်၍ စဉ်စား သုံးသပ်နေရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကိုကိုက ပြောသည်။
ယမန်နေ့က နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် အစိုးရ ရက် ၁၀၀ သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ညွှန်ကြားရေးမှူး ဦးအေးကိုကိုက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဥပဒေကြောင်း အရဆိုရင် ဒီနယ်မြေဒေသမှာ ဟိုတယ်တွေ၊ မိုတယ်တွေ၊ တည်းခိုခန်းတွေ ခွင့်ပြုလို့ မရပါဘူး။ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့မှ ရပါမယ်။ ဒေသ အာဏာပိုင် သော်လည်းကောင်း၊ ကျနော်တို့ဌာနက ဝန်ထမ်း တဦးဦးက သော်လည်းကောင်း ပေးပိုင်ခွင့် မရှိပါဘူး။ သို့သော်လည်းပဲ ၂၅ လုံုးကတော့ တချို့ မြေပေါ်မှာ ပေါ်နေတယ်ပေါ့လေ။ အဲဒီ အနေအထားမှာ သူတို့လည်း မရှုံးဆုံးစေ၊ ကျနော်တို့လည်း ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစေဆိုတဲ့ ဝန်ကြီးရဲ့ မူဝါဒအရ စဉ်းစားပေးမယ် ဆိုတဲ့ အနေအထားပါ” ဟု ဦးအေးကိုကိုက ပြောသည်။
ပုဂံဒေသသည် တမျိုးသားလုံးနှင့် သက်ဆိုင်သည့် ဒေသ ဖြစ်နေသောကြောင့် ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန တခုတည်းဖြင့် ဆုံးဖြတ် ဆောင်ရွက်၍ မရဘဲ ဆက်စပ် ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဖြစ်နိုင်ခြေရှိသည့် အကောင်းဆုံးသော နည်းလမ်းကို ရွေးချယ် ဆောင်ရွက်ဆဲ အဆင့်သာ ရှိသေးကြောင်း သိရသည်။
“လောလောဆယ် အဲဒီလိုပဲ ဖြေပါရစေ” ဟု ဦးအေးကိုကိုက ပြောသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ယခု ပုဂံဒေသရှိ ဟိုတယ် ၄၂ လုံး ကိစ္စကို ၂၀၁၃ ခုနှစ်တွင် စတင် ဖြေရှင်းခဲ့ရကြောင်း၊ ၄၂ လုံးတွင် ၂၅ လုံးသည် ဆောက်ထားသည့် အနေအထား ဖြစ်၍ ၁၇ လုံးမှာ လျှောက်လွှာ တင်ပြသည့် အနေအထား၌ပင် ရှိသေးကြောင်း သိရသည်။
“၁၇ လုံးကို လာလျှောက်တဲ့ အနေအထားကတည်းက ပယ်ပါတယ်။ အဲဒီအချိန်ကတည်းက ဆောက်လုပ်ခွင့် မပြုခဲ့ပါဘူး။ သဘောထား မှတ်ချက်အနေနဲ့ Ancient Site Zone ထဲမှာ ရှိနေတဲ့အတွက် မပေးနိုင်ပါဘူး ဆိုပြီးတော့ ငြင်းပယ်ခဲ့ပါတယ်” ဟု ဦးအေးကိုကိုက ပြောသည်။
ပုဂံဘုရားများ အများဆုံး တည်ရှိသည့် ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်ကလည်း ဟိုတယ် ဆောက်လုပ်ခွင့် ကိစ္စများနှင့် ပတ်သက်၍ တရားဝင်ညွှန်ကြားချက် မရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။
“ဟိုတယ် ၂၅ လုံးက လက်ရှိ ဖွင့်နေသလားဆိုရင် ဖွင့်လို့မရသေးပါဘူးလို့ပဲ တရားဝင် ပြောပါရစေ။ ဒီဒေသမှာက ယဉ်ကျေးမှု အမွေအနှစ်ရှိလို့ ဟိုတယ် လုပ်ငန်းတွေ ရောက်လာတယ်။ ဟိုတယ်လုပ်ငန်းတွေ ရှှိမှလည်း ဒေသဖွံ့ဖြိုးရေး ရှိမှာဆိုတော့ ၂ ဖက်မျှ စဉ်းစားရမှာပါ။ ဒါတွေက လူကြီးတွေရဲ့ စေတနာနဲ့ အမျှော်အမြင်ရှိမှု အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့က ညွှန်ကြားချက် အမိန့်စောင့်နေရတဲ့ အဆင့်ပါ” ဟု သူက ပြောသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဒေါ်နန္ဒာမွှန်းကလည်း “ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာ ကျမတို့က သတ်မှတ်ချက် ရှိပြီးသားပါ။ ရှေးဟောင်းဒေသ ဖြစ်တဲ့အတွက် အဲဒီမှာ ဇုန်တွေ သတ်မှတ်ထားပါတယ်။ Protective Zone, Ancient Zone ဆိုပြီး သတ်မှတ်ထားပေမယ့် တချို့ဟာတွေက တဖြည်းဖြည်းနဲ့ Extent လုပ်လာတဲ့အခါမှာ ဟိုတယ်တွေက ဒီဟာတွေကို သိပ်ပြီး Aware မဖြစ်ဘူး။ တချို့တွေ ဆိုရလည်း အဆင့်ဆင့် ခွင့်ပြုချက် မရဘဲနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေ ရှိပါတယ်” ဟု ရက် ၁၀၀ ရှင်းလင်းပွဲတွင် ပြောသည်။
ပုဂံဒေသခံများကမူ ဟိုတယ်ဇုန် စီမံကိန်းများကို အမြဲတစေ ကန့်ကွက်ခဲ့ကြပြီး ရှေးဟောင်းစေတီ ဘုရားများကို ဟိုတယ်ပိုင် ဧရိယာထဲသို့ ထည့်သွင်း ထားခြင်းမျိုးကိုလည်း ဝေဖန်ပြောဆိုလျက် ရှိသည်။
၂၀၁၂ ခုနှစ်ကလည်း ပုဂံဒေသတွင် ဟိုတယ်ဇုန် အသစ်တခု ဖော်ဆောင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အကောင်အထည် ဖော်ရန် ကြိုးပမ်းခဲ့ဖူးရာ ထိုစဉ်က ရှေးဟောင်း သုတေသနဌာနနှင့် ဒေသခံများက ကန့်ကွက်မှုများ ရှိခဲ့သည်။
ပုုဂံဒေသတွင် ဘုရားဖူး ပြည်သူများ များပြားလာမှုနှင့် အတူ ဟိုတယ် လိုအပ်ချက်များ ရှိလာသဖြင့် ဟိုတယ်လုပ်ငန်း လုပ်ကိုင်လိုသူများနှင့် ဒေသခံများအကြား ပဋိပက္ခများစွာ ကြုံတွေ့နေရကြောင်း သိရသည်။