သတင်း

ချင်းပြည်နယ်တွင် တောင်ကျရေကြောင့် တံတား ၂ စင်း ပျက်စီး

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် သြဂုတ်လ ၂၁ ရက်က မိုးသည်းထန်၍ တောင်ကျရေ မြင့်တက်လာပြီး ရေ တိုက်စား မှု ကြောင့် တံတား ၂ စင်း ပျက်စီး သွားကြောင်း သိရသည်။

ထန်တလန် မြို့နယ် တလန်လို ကျေးရွာနှင့် အိန္ဒိယနိုင်ငံ ကျမ်ဖိုင်း ခရိုင် ဖားကောလ် ကျေးရွာတို့ကို ဆက်သွယ် ထားသည့် တီယိုချောင်း ကြိုးတံတားနှင့် လာဗား ကွန်ဂရစ် ချောင်းတံတားတို့ ပျက်စီးသွားခြင်း ဖြစ်ကြောင်း ထန်တလန် ဒေသခံ တဦး က ဧရာဝတီကို ပြောပြသည်။

ယင်း တံတားများနှင့်အတူ တီယုချောင်းအနီးရှိ နေအိမ် ၅ လုံးခန့် ရေနစ်မြုပ်ခဲ့ပြီး တောင်ကျရေများကြောင့် ထန်တလန်မြို့ နှင့် အိန္ဒိယနယ်စပ်သို့ ဆက်သွယ်ထားသည့် ကားလမ်းကိုလည်း ယာယီပိတ်ထားလိုက်ရကြောင်း ၎င်းက ပြောသည်။

“တီယိုချောင်း ကြိုးတံတား အိန္ဒိယ ဘက်ခြမ်းအပိုင်းတော့ ရေထဲမျောသွားပြီ။ ခွားဟရိန်တလန် ကျေးရွာ အုပ်စုကနေ ဝိတိုရိယ စခန်းကိုလာတဲ့ လာဗားချောင်း တံတားလည်း မရှိတော့ဘူး။ ခွားဟရိန်တလန် ကျေးရွာအုပ်စုမှာ ရွာ ဆယ်ရွာ လောက် ရှိတယ်။ များသောအားဖြင့် နယ်စပ် ဟိုဘက် ဒီဘက် ကုန်ကူးကြတဲ့ လူတွေ များတယ်။ အိန္ဒိယနဲ့ ဆက်ထားတဲ့ ကြိုးတံတားအနီးက ဗန်ဇမ်း တောင်ကြော ကျေးရွာ အုပ်စုမှာ ရွာ ၆ ရွာ ရှိတယ်။ အိန္ဒိယ ဘက်ကိုလည်း သွားမရ၊ ထန်တလန် လမ်းကလဲ ပိတ်လိုက်ပြီဆိုတော့ ကြားထဲမှာ ပိတ်မိနေကြပြီ”ဟုလည်း အဆိုပါ ဒေသခံက ပြောဆိုသည်။

လက်ရှိအချိန်၌ တီယိုချောင်း ကြိုးတံတားပေါ်သို့ ရေကျော်နေပြီး လာဗား ကွန်ဂရစ်ချောင်း တံတားသည်လည်း ရေနစ်မြုပ် ဖွယ် ရှိနေကြောင်းနှင့် ထန်တလန်မြို့နှင့် အိန္ဒိယနယ်စပ်သို့ ဆက်သွယ်ထားသည့် ကားလမ်းပိုင်း တချို့၌ မြေပြိုမှု ၄ နေရာ ခန့် ဖြစ်ပေါ်နေသဖြင့် ထိုကားလမ်းကို ခေတ္တပိတ်ထားရကြောင်း အဆိုပါလမ်းပေါ်ရှိ ချင်း အမျိုးသား တပ်ဦး (CNF) တပ် စခန်း တခုဖြစ်သည့် ဘွာရ်ပီးစခန်းမှ တပ်ကြပ်ကြီး လူရှိုင်းအောင်ကလည်း ဧရာဝတီကို ပြောသည်။

“တီယိုချောင်း ကြိုးတံတားက တောင်ကျရေကြီးလွန်းလို့ ပျက်သွားတယ်ကြားတယ်။ ချောင်းနားမှာ နေတဲ့သူတွေဆီ ရေ ရောက်တယ်။ မိုးများလို့ ရေကြီးလာတာပါ။ ဝိတိုရိယစခန်းနဲ့ တလန်ပီးဆိုတဲ့ နယ်စပ်ရွာ အနီးမှာလည်း မြေပြိုလို့ လမ်း ပိတ် တာတွေ ရှိတယ်။ ထန်တလန်မြို့နဲ့ ကျနော်တို့ နယ်စပ်စခန်း ကြားမှာလည်း လမ်းပိတ်တာ လေးခုလောက် ရှိတယ်။ လာဗား ချောင်းတံတားလည်း ရေရောက်တယ်လို့ သိရတယ်။ ပျက်မပျက်တော့ သေချာ မစစ်ဆေးရ သေးဘူး”ဟုလည်း တပ်ကြပ်ကြီး လူရှိုင်းအောင်က ဆိုသည်။

တီယိုချောင်း ကြိုးတံတားသည် ချင်းပြည်နယ်နှင့် အိန္ဒိယ နယ်စပ်ဖြတ်ကျော် တံတားနှစ်ခုအနက် လူနှင့် ဆိုင်ကယ်သာ ဖြတ်သန်း သွားလာနိုင်သည့် သံကြိုးဆွဲ ကြိုးတံတား တခုဖြစ်ပြီး ယမန်နှစ် ဟားခါးမြို့မြေပြိုစဉ် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် မှ စားနပ်ရိက္ခာများကို အဓိက လာရောက် ကူညီပံ့ပိုးပေးခဲ့ရာတွင် ဖြတ်သန်းလာရသည့် နယ်စပ် ကြိုးတံတား ဖြစ်သည်။

တီယိုချောင်း ကြိုးတံတားသည် အိန္ဒိယ အစိုးရအကူအညီဖြင့် ဆောက်လုပ်ပေးထားသော ကြိုးတံတား တခုဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading