သတင်း

ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၇ နှစ်ဆန်းပိုင်းတွင် ကျင်းပမည်

Want create site? Find Free WordPress Themes and plugins.

၂၀၁၇ နှစ်ဆန်းပိုင်းတွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း ရက်အတိအကျကို မပြောနိုင်သေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြောသည်။

ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ် အေးချမ်းမှု မရှိသဖြင့် ရွေးကောက်ပွဲ ရပ်ဆိုင်းထားခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှုးမြို့နယ်နှင့် ကျေးသီးမြို့နယ်တို့အတွက် ၂၀၁၆ ခုနှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့ရာ ဦးအောင်မြင့်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် လုံး၀ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များမှာ ဝ ဒေသရှိ မြို့နယ် ၅ ခု၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် ကျေးသီးမြို့နယ်များ ဖြစ်သည်။ ကျန်ဒေသများမှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ အဖြစ် အုပ်ချုပ်ရေးပိုင်းသို့ ပြောင်းရွှေ့သွားသည့် နေရာများတွင်လည်း လစ်လပ်လျက်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ဧရာဝတီသို့ ပြောသည်။
သူက “ လုံးဝ မကျင်းပဖြစ်ခဲ့တာက ၇ နေရာ ရှိပါတယ်။ ကျန်တာတွေက လွှတ်တော်ကိုယ်စားလှယ်ကနေ အုပ်ချုပ်ရေးပိုင်းကို ပြောင်းသွားတဲ့အတွက် လစ်လပ်သွားတာတွေ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိ အချိန်တွင် လစ်လပ်နေသော မဲဆန္ဒနယ်များအဖြစ် ပြည်ထောင်စုအဆင့် တာဝန်များတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နေသော လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး၏ မဲဆန္ဒနယ်များမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် နယ်မြေ မအေးချမ်းမှုကြောင့် ရွေးကောက်ပွဲ မကျင်းပခဲ့နိုင်သော ရှမ်းပြည်နယ်၊ မိုင်းရှုးမြို့နယ်၊ ကျေးသီးမြို့နယ်တို့မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄ နေရာ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် တနေရာစီဖြင့် စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၆ နေရာခန့် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

လွှတ်တော်တွင် တစုံတရာသော အကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျှင် အစားထိုး ရွေးကောက် တင်မြှောက်နိုင်ရန်အတွက် ကြားဖြတ် ရွေးကောက်ပွဲများကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈၉ နှင့်အညီ ကျင်းပရမည်ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပချိန်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ ရှိပါက ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် ကျေးသီးမြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ပြောကြားခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က မဲဆန္ဒနယ်တိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading