ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ စက်မှုဇုန်နယ်မြေရှိ Tah Shin အထည်ချုပ်စက်ရုံတွင် အလုပ်ချိန်တိုးမြှင့်လိုက် သော်လည်း လုပ်အားခ မတိုးပေးသည့်အတွက် အလုပ်သမား ၁၈၀၀ ခန့် ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။
သြဂုတ်လ ၁ ယခင် သတ်မှတ်ထားသည့် အလုပ်ချိန် မနက် ၇ နာရီမှ ည ၇ နာရီအစား ိ ၇ နာရီ ၃၀ မိနစ်ထိ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း၊ လုပ်အားခကို မတိုးပေးဘဲ အလုပ်ချိန်သာ တိုးမြှင့်သည့်အပေါ် အလုပ်သမားများက မကျေနပ်သဖြင့် ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ကြောင်း အခြေခံအလုပ်သမား သမဂ္ဂ အတွင်းရေးမှူး မစန္ဒဝင်း က ရှင်းပြသည်။
သူက “အလုပ်ချိန်ကို နာရီဝက် ထပ်တိုးတယ်။ အဲဒါကြောင့် ကျမတို့အတွက် လုပ်အားခ ကို ၂၅၀၀၀ ထပ်တိုးပေးဖို့ တောင်းဆို ပေမယ့် သူတို့ဘက်က သဘောမတူဘူး။ သူတို့ရှေ့နေနဲ့တိုင်ပင်ပြီး တရားဥပဒေလမ်းကြောင်း အတိုင်းသွားမယ်လို့ သူတို့ဘက်ကပြောတယ်။ ကုန်ဈေးနှုန်းတွေ ကြီးလာတယ်။ အဆောင်လခ၊ အိမ်လခတွေဈေးကြီးလာတယ်။ အလုပ်ချိန်တွေထပ်တိုးတာကြောင့် လုပ်အားခကို ပိုပြီး တောင်းဆိုရတာပါ”ဟု ဧရာဝတီသို့ပြောသည်။
သြဂုတ် ၁၇ ရက် က စတင်ကာ အလုပ်ရှင်ကိုယ်စားလှယ်ဖြစ်သည့် စက်ရုံမှူးနှင့် အလုပ်သမားများ အကြိမ်ကြိမ် ညှိနှိုင်းခဲ့သော်လည်း ယနေ့အချိန်ထိ အဆင်မပြေသေးကြောင်း သိရသည်။ အဆိုပါ စက်ရုံမှာ မိုးကာများ၊ အထည်များ ချုပ်လုပ်သည့် စက်ရုံဖြစ်ပြီး ပိုင်ရှင်မှာ ထိုင်ဝမ်လူမျိုးဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများ က ရှင်းပြသည်။
စက်ရုံက အခြေခံ အလုပ်သမား တဦးအတွက် အစိုးရက ပြဋ္ဌာန်းထားသည့် အလုပ်သမား ဥပဒေအရ တရက်လျှင် ၃၆၀၀ ကျပ် ပေးသော်လည်း အခြားခံစားခွင့်များကို နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်ဖြတ်တောက်ကြောင်း သိရသည်။
“အပိုကြေး၊ ဆုကြေးလိုပေးတာတွေကလည်း သူတို့တွေက နည်းအမျိုးမျိုးနဲ့ ပြန်ဖြတ်နေတာပါပဲ။ မြို့နယ်ဖျန်ဖြေရေးရုံးမှာ ညှိနှိုင်းပေမယ့်လည်း အဆင်မပြေဘူး”ဟု ဆန္ဒပြ အလုပ်သမားတဦးက ရှင်းပြသည်။
NLD အစိုးရသစ် တက်လာသည့် ရက် ၁၀၀ စီမံချက်ကာလက အလုပ်သမားရေးရာ ကိစ္စရပ်များ အသိပညာပေး ဆွေးနွေးခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေတို့ကို ပြည်ထောင်စုလွှွတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောမှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးရေး ဆောင်ရွက်ခြင်းများ အပါအဝင် အချက် ၁၃ ချက်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သို့သော် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ပြဿနာများ၊ အလုပ်သမား အခွင့်အရေးနှင့် အခြေခံလစာ သတ်မှတ်ချက်များနှင့်ပတ်သက်၍ လုပ်ဆောင်မှု အားနည်းနေကြောင်း အလုပ်သမားရေးရာကိုယ်စားလှယ်များက ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
မန္တလေးတိုင်းအတွင်းရှိ ပလိပ်မြို့ရှိ နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလိုက်သည့် အမှတ် ၂ ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ အလုပ်သမား ၇၀၀ ခန့်ကလည်း အခက်အခဲနှင့် နစ်နာချက်များကို တောင်းဆိုနေသော်လည်း ပြေလည်မှု မရသေးကြောင်း သိရသည်။