ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် ကျူးကျော်ရပ်ကွက်နေ ဒုရဲအုပ်ဟောင်း ဦးစိုးနောင် အပါအဝင် မိသားစု ၄ ဦးကို သတ်ဖြတ်သွားသည့် လက်သည်တရားခံကို ရှာဖွေစုံစမ်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။
အဆိုပါ ၄ လောင်းပြိုင် လူသတ်မှုကို ရန်ကုန်တိုင်းေးဒသကြီးရဲတပ်ဖွဲ့၊ CID တပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းစုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ရဲမှူးကြီး မျိုးဆွေက ဧရာဝတီသို့ ပြောသည်။
ရဲမှူးကြီး မျိုးဆွေက“သေသွားတဲ့ အမျိုးသမီးရဲ့ ဖုန်းထဲမှာတော့ အဲဒီလူ ၃ ဦးက နေအိမ်ခြံစည်းရိုုးနားကနေ ငါးကန်ဘက်ကို ကြည့်နေတယ်။ အဲဒီဓာတ်ပုံကိုတော့ ထုတ်ထားတယ်။ ဟုတ်၊ မဟုတ်ဆိုတာထက် သူတို့ကို တွေ့ရင် မေးမြန်းဖို့ပါ။ အခုထိတော့ ကျနော်တို့တွေ စုံစမ်းနေဆဲပဲ ရှိပါသေးတယ်”ဟု ရှင်းပြသည်။
သံသယရှိသူ သုံးဦးကို သေဆုံးသူ အမျိုးသမီးက ဓာတ်ပုံရိုက်ယူထားခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေထားကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာတွင် အသုံးပြုခဲ့ထားသည့် ဓါးမြှောင်တစ်ချောင်း ကျန်ရှိခဲ့ပြီး ဓားပေါ်တွင် ရှိနေနို်င်သည့် လက်ဗွေရာများကို စစ်ဆေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦး၏ အဆိုအရ ၄ လောင်းပြိုင်လူသတ်မှုကို တဦးတည်း ကျုးလွန်ခြင်းမဖြစ်နိုင်ကြောင်း၊ အသတ်ခံရသူသည် ရဲအရာရှိတဦးဖြစ်ရာ ခုခံနို်င်စွမ်းရှိသူဖြစ်သဖြင့် အုပ်စုလိုက် ကျူးလွန်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၀ ရက်နေ့က အသက် ၃၇ နှစ် အရွယ် ဒုရဲအုပ်ဟောင်း ဦးစိုးနောင်၊ ဇနီးဖြစ်သူ ဒေါ်ချယ်ရီပွင့်၊ သားများဖြစ်သည့် မောင်ဟန်သူရနှင့် မောင်စွမ်းထက်မြတ် တို့ ၄ ဦးကို နေအိမ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက်ရှိနေကြောင်း သေဆုံးသူ၏ မိခင် က တွေ့ရှိခဲ့ရာ ထောက်ကြန့်မြို့မ ရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သေဆုံးသူ ဦးစိုးနောင်မှာ ဒုရဲအုပ်တာဝန်ထမ်းဆောင်စဉ်က မူးယစ်ဆေးဝါးဖမ်းဆီးမှု တခုကို လိုက်ပါစုံစမ်းမှုနှင့် စပ်ဆက်ကာ အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ကောလဟလများ ထွက်ပေါ် နေသော်လည်း ရဲတပ်ဖွဲ့က အတည်ပြုခြင်း မရှိပေ။
“ကျနော်တို့တွေ အကုန် ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ကျန်တာတော့ ပြောလို့မရသေးပါဘူး”ဟု ထောက်ကြန့်ရဲစခန်းမှူး ရဲအုပ်ဌေးဝင်း က ရှင်းပြသည်။
မင်္ဂလာဒုံမြို့နယ်သည် ရဲတပ်ဖွဲ့၏ မူခင်းကျဆင်းရေး စီမံချက် မြို့နယ်တွင် တခုအပါအဝင်လည်း ဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း သာကေတမြို့နယ်ရှိ အသက် ၅ နှစ်အရွယ် ကလေးငယ် ခေါင်းဖြတ်သတ်ခံရမှု၊ မင်္ဂလာဒုံမြို့နယ်ရှိ သားအမိ ၂ ဦး သတ်ဖြတ်ခံရမှုများလည်း ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေဆဲပင်ဖြစ်ကြောင်း သိရသည်။