သတင်း

သံလွင် ရေကာတာ စီမံကိန်းများဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ဘန်ကောက်တွင် ပြုလုပ်

Want create site? Find Free WordPress Themes and plugins.

ကန့်ကွက်မှုများ ပြုလုပ်နေသော သံလွင်မြစ်ပေါ်တွင် မကြာခင် စတင် တည်ဆောက်မည့် ရေကာတာ စီမံကိန်း များနှင့် ပတ်သက်ပြီး ရှမ်းလူမှု အဖွဲ့အစည်းများက စိုးရိမ်နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လိုအပ်နေသည့် လျှပ်စစ် ဓာတ်အား ဖြည့်တင်း ပေးရန် သံလွင်မြစ် ရေကာတာ တည်ဆောက် ရန် သင့်လျော်ကြောင်း သြဂုတ်လ ၁၂ရက်က နေပြည်တော်၌ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန ၏ ရက် ၁၀၀ စီမံကိန်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုမှုကြောင့် စိုးရိမ်နေရခြင်း ဖြစ်သည်ဟု ရှမ်းလူမှု အဖွဲ့ အစည်းများက ပြောသည်။

“သံလွင်သည် ရောင်းစားရန် မဟုတ်” ဆိုသည့် ခေါင်းစဉ်ဖြင့် ယနေ့ ဘန်ကောက်မြို့တွင် ရှမ်းလူမှု အဖွဲ့အစည်း ၁၂ဖွဲ့က ဦးဆောင်ပြီး သတင်းစာ ရှင်လင်းပွဲ ပြုလုပ်သည်။

“လတ်တလော အချိန်တွင် လူအများစု က မြစ်ဆုံ ရေကာတာကို အာရုံစူးစိုက်နေချိန်မှာ မြန်မာအစိုးရက တရုတ်တွေကို သံလွင်မြစ် တိတ်တဆိတ် ရောင်းပေးလိုက်တာပဲ။ သံလွင်မြစ်ရေကာတာကို မြစ်ဆုံ အစားထိုး လိုက်မှာ အလွန်စိုးရိမ်ပါတယ်”ဟု ရှမ်း သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ စိုင်းခေးဆိုင်က ပြောသည်။

ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသည် ရှမ်းပြည်နယ် မြောက်ပိုင်းတန့်ယန်းမြို့ အနီးတွင် တည်ဆောက် မည့် နောင်ဖရေကာတာ ဦးစားပေး ဆောင်ရွက်သော်လည်း သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ အားလုံးကို ကန့်ကွက်ကြောင်း ၊ သံလွင်မြစ်သည် ရောင်းစားရန် မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင် နေစဉ် ရေကာတာ စီမံကိန်းများ မလုပ်ဆောင်သင့်ကြောင်းကိုလည်း စိုင်းခေးဆိုင် က ဧရာဝတီသို့ ပြော သည်။

နောင်ဖ ရေကာတာ တည်ဆောက်မည့် နေရာသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အစိုးရ တပ် မတော်၊ ပြည်သူ့စစ် စသည် လက်နက်ကိုင်များစွာ တည်ရှိသည့်နေရာဖြစ်ပြီး တိုက်ပွဲများ ဖြစ်နေသော ဒေသ တခုလည်း ဖြစ်ကြောင်း သိရသည်။

ထိုရေကာတာ တည်ဆောက်ရန် အတွက် သြစတြေးလျ SMEC ကုမ္ပဏီသည် နောင််ဖ ရေကာတာ တည်ဆောက် နိုင်ရေး အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ချက်နှင့် လူမှုဘဝ ထိခိုက်မှု အကဲဖြတ်ချက် (EIA/SIA) ကို မကြာမီ အပြီးဆောင်ရွက်သွားရန် ရှိသည်ဟု လည်း ရှမ်းလူမှု အဖွဲ့အစည်းများ ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“EIA/SIA ကို အချိန်တိုအတွင်းမှာ လုပ်တာ ပြီးတော့ သူတို့လုပ်တဲ့ လုပ်ငန်းစဉ်က ဘယ်သူမှ မသိလိုက်ရဘူး။ သူတို့ကို ထောက်ခံပေးတဲ့ ဒေသခံတွေကိုပဲ လုပ်သွားတယ်။ ဆောက်လုပ်ရင် ကျနော်တို့ နိုင်ငံလူထုတွေက ရေနစ်မြုပ်တာ ခံရမယ်။ အဲ့ဒီ ရေကာတာ တည်ဆောက်မယ့်နေရာက ငလျင်ကြောပေါ်မှာ ရှိနေတဲ့အတွက် ငလျင်လှုပ်ပြီးပျက်ရင် ကျနော်တို့ ခံရမယ်”ဟု စိုင်းခေးဆိုင် က ပြောဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင်ဆန်းစုကြည့် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးမသွားခင် မြန်မာနိုင်ငံ အစိုးရသည် လျှပ်စစ်စွမ်းအင် ဖြည့်တင်ရေးအတွက် သံလွင်ရေကာတာများ တည်ဆောက်ရန် ကြေညာချက် ထုတ်ခဲ့ကြောင်း ယနေ့ထုတ်ပြန်သည့် ရှမ်းလူမှုအဖွဲ့စည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အရင်တုန်းက အစိုးရမဖြစ်ခင်တုန်းက မြစ်ဆုံ ရေကာတာရော သံလွင်ရေကာတာ၊ ပဋိပက္ခများတဲ့ ရေကာတာ တွေကို မဆောက်ဖို့ ပြောတယ်။ အစိုးရ ဖြစ်လာတဲ့အခါတော့ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဘာကြောင့် ရေ ကာတာ ပြန်ဆောက်ချင်တာလဲ။ ပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်”ဟု စိုင်းခေးဆိုင် က ပြောသည်။

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာနေရာများတွင် ငလျင်ကြောများ ရှိသည့်အတွက် ဒေသခံများ စိုးရိမ်နေကြကြောင်း၊ လွန်ခဲ့သည့် ရက်တပတ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုပန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ငလျင်လှုပ်မှုကြောင့် ဟိုပန်မြို့ ရေလွှမ်းမိုးမှု ဖြစ်ခဲ့သေးသည်။

ထိုနည်းတူ ယခုရက်ပိုင်း ရှမ်းအရှေ့ပိုင်း မိုင်းတုံရေကာတာ တည်ဆောက်မည့် မိုင်းတုံမြို့လည်း ရေကြီးရေလျှံမှု များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာနှင့် ပတ်သက်ပြီး ကောင်းကျိုးထက် ဆိုးကျိုးကပိုများနေကြောင်း၊ ရေကာတာ တည်ဆောက်ပါက သဘာဝပတ်ဝန်းကျင် သစ်တော ပျက်စီးဆုံးရှုံးမှု ပိုများကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းများ ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ နန်းခမ်းမိုင် က ဧရာဝတီသို့ ပြောသည်။

“အခုတောင် မိုးတွင်းတွေမှာ ရေလှံျမှုတွေ မြေတိုက်စားမှုတွေ လယ်ယာမြေတွေ ရေလွှမ်းမိုးခံနေရတယ်။ ဒီရေကာတာ ဆောက်လိုက်ရင်တော့ မြို့နယ် တခုတည်းမဟုတ်ဘဲ ရွာပေါင်း မြို့နယ်ပေါင်းများစွာ ထိခိုက် ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် ရေကာတာ တည်ဆောက်ဖို့ ဒေသခံတွေ အရမ်းစိုးရိမ်နေကြပါတယ်” ဟု နန်းခမ်းမိုင်က ဆိုသည်။

နောင်ဖ ရေကာတာ တည်ဆောက်မှုနှင့်ပတ်သက်ပြီး တန့်ယန်းမြို့နယ် ကျေးရွာအုပ်စု ၉ စု မှ ဒေသခံ လူထုက ဟိုပန်၊ ကွန်လုံ၊ တန့်ယန်း၊ လားရှိုး၊ သိန်းနီမှ ရပ်ရွာဒေသခံများ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များက သြဂုတ်လ ၂၁ ရက်တွင်  ဆန္ဒပြ ကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ ၁၇ ရက်နေ့ကလည်း သံလွင်မြစ်ပေါ် ရေကာတာများ တည်ဆောက်ခွင့်ကို ရုပ်သိမ်းပေးရန် ရှမ်းလူမှု အဖွဲ့အစည်း ၂၆ ဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အိတ်ဖွင့်ပေးစာ ပို့ခဲ့ သည်။

သံလွင်ရေကာတာ တည်ဆောက်ပါက မကြာမီ ကျင်းပမည့် ၂၁ရာစု ပင်လုံညီလာခံကို ထိခိုက်နိုင်ကြောင်း ရှမ်း လူမှု အဖွဲ့အစည်းများက ပြောဆိုကြသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု တည်ဆောက်ရန် ၂၀၀၉ ခုနှစ်ကတည်း စတင်ခဲ့ခြင်း ဖြစ်ပြီး ထို စီမံကိန်းများမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀၀ ထုတ်လုပ်ရန် ဖြစ်ကြောင်း သိရသည်။

အစိုးရ ရေအားလျှပ်စစ် စီမံကိန်း ၆ ခုသည် ရှမ်းပြည်နယ် အတွင်း၌ မဂ္ဂါ၀ပ် ၁၄၀၀ ထွက်နိုင်သည့် အထက် သံလွင် (ကွမ်းလုံ) စီမံကိန်း၊ မဂ္ဂါ၀ပ် ၁၀၀၀ ထွက်နိုင်သည့် နောင်ဖ စီမံကိန်း၊ မဂ္ဂါဝပ် ၂၀၀ ထွက်နိုင်သည့် မန်တောင်း စီမံကိန်း၊ မဂ္ဂါဝပ် ရ၁၁၀ ထွက်နိုင်မည့် မိုင်းတုံ (တာဆန်း) စီမံကိန်းတို့ ဖြစ်ပြီး ကယားပြည်နယ် အတွင်း၌ မဂ္ဂါဝပ် ၄၅၀၀ ထွက်နိုင်မည့် ရွာသစ်စီမံကိန်းနှင့် ကရင်ပြည်နယ်အတွင်း မဂ္ဂါဝပ် ၁၃၆၀ ထွက်နိုင်မည့် ဟတ်ကြီး စီမံကိန်းတို့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading