အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဒုတိယအကြိမ် ပါတီညီလာခံက ဥက္ကဋ္ဌ အသစ်အဖြစ် ဦးသန်းဌေးကို ရွေးချယ်လိုက်ကြောင်း ပါတီပြောခွင့်ရ ဦးခင်ရီက ဧရာဝတီသို့ ပြောသည်။
နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် ၂၀၁၆ ခုနှစ် USDP ၏ ဒုတိယအကြိမ် ပါတီ ညီလာခံ၏ နောက်ဆုံး နေ့တွင် ထိုသို့ ပါတီဥက္ကဋ္ဌ အသစ် ရွေးချယ် တင်မြှောက်လိုက်ခြင်း ဖြစ်ပြီး၊ ဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်က ပါတီ ဗဟို ဦးဆောင်ကော်မတီ နာယကအဖြစ် ပါတီကို ဆက်လက် ထိန်းကျောင်းပေးသွားမည်ဟု ဦးခင်ရီက ရှင်းပြသည်။
“အခု အားလုံုးက ရွေးပြီးတင်တဲ့သူတွေပါပဲ။ ပြုပြင်ပြောင်းလဲရေး လုပ်နေပြီဆိုတာ ပြလိုက်တာပါ” ဟု ဦးခင်ရီက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်အပေါ် မူတည်၍ ပါတီကို မူမပြောင်းဘဲ လူပြောင်းရန် စဉ်းစားခဲ့ရာမှ ယခုအပြောင်း အလဲ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပါတီကို ပိုမို ကျစ်လစ်ခိုင်မာအောင် တည်ဆောက်၍ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး ဆောင်ရွက်သွား ဖြစ်ကြောင်း ဦးခင်ရီက ပြောသည်။
ပါတီ ဗဟို ဦးဆောင် ကော်မတီကိုမူ ဦးသိန်းစိန်၊ ဦးဌေးဦး၊ ဦးသောင်း၊ ဦးခင်အောင်မြင့် အပါအဝင် လူပုဂ္ဂိုလ် ရ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ထို့အပြင် တိုင်းနှင့်ပြည်နယ် ပါတီ ဥက္ကဋ္ဌများမှာလည်း လူဟောင်းများ မဟုတ်တော့ဘဲ မျက်နှာသစ်များဖြင့် ဖွဲ့စည်းထားကြောင်း ဦးခင်ရီက ဧရာဝတီသို့ ပြောသည်။
ယခုပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(USDP)၏ ဥက္ကဋ္ဌဖြစ်လာသူ ဦးသန်းဌေးသည် ၁၉၅၄ ခုနှစ်တွင် မွေးဖွားသူဖြစ်ပြီး တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၀၃ခုနှစ်တွင် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် စွမ်းအင်ဝန်ကြီး ဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ်တွင် ရထားပို့ဆောင်ရေး ၀န်ကြီး အဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပြီး၊ ၂၀၁၅ခုနှစ်မှာတော့ အခြားဝန်ကြီး ၃ဦးနဲ့အတူ ရာထူးမှ အနားပေးခံရပြီး USDP ကို ပြောင်းလဲ တာဝန်ယူခဲ့သူဖြစ်သည်။