ရေပြန်ကျသည့် အတွက် ရက်အတန်ကြာ ပိတ်ထားရသည့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းပေါင်း ၁၂၀၀ ကျော် ပြန်လည် ဖွင့်လှစ်၍ စာသင်ကြားမှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
“ရေပြန်ကျတဲ့အတွက် ကျောင်း တော်တော်များများတော့ ပြန်ဖွင့်ကြပါပြီ။ စာသင်ကြားမှု နောက်မကျဖို့ အတွက် အဖိတ်၊ ဥပုသ်နဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ကျောင်းပြန်ခေါ်ပြီး သင်ကြားပေးဖို့ စီစဉ်ထားပါတယ်” ဟု ဧရာဝတီ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းနုဝင်းက ဧရာဝတီကို ပြောသည်။
သြဂုတ်လ ၂ ရက်နေ့ မှစတင်၍ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတ၊ မအူပင်၊ ပုသိမ်၊ မြောင်းမြနှင့် ဖျာပုံခရိုင်တို့ရှိ မြို့နယ် ၁၉ ခုမှ အထက်တန်းကျောင်း ၁၂၃ ကျောင်း၊ အလယ်တန်းကျောင်း ၂၇၃ ကျောင်းနှင့် မူလတန်းကျောင်း ၁၁၂၁ ကျောင်း အပါအဝင် ကျောင်းပေါင်း ၁၅၁၇ ကျောင်း ပိတ်ထားခဲ့ရကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။
လက်ရှိအချိန်တွင် ရေပြန်ကျပြီဖြစ်သည့်အတွက် ယနေ့အထိ အထက်တန်းကျောင်း ၁၁၂ ကျောင်၊ အလယ်တန်းကျောင်း ၂၄၁ ကျောင်းနှင့် မူလတန်းကျောင်း ၉၂၆ ကျောင်းအပါအဝင် စုစုပေါင်း ၁၂၇၉ ကျောင်း ပြန်လည်ဖွင့်လှစ်၍ စာသင်ကြားနေပြီ ဖြစ်ကြောင်း သိရသည်။
မအူပင်ခရိုင်ရှိ ညောင်တုန်းနှင် ဓနုဖြူ၊ ပုသိမ်ခရိုင်ရှိ ပုသိမ်၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ကန်ကြီးထောင့်နှင့် သာပေါင်းမြို့နယ်တို့မှ အထက်တန်းကျောင်း ၁၁ ကျောင်း၊ အလယ်တန်းကျောင်း ၃၂ ကျောင်းနှင့် မူလတန်းကျောင်း ၂၃၈ ကျောင်းအပါအဝင် ကျောင်းပေါင်း ၂၃၈ ကျောင်းမှာ ရေမြုပ်နေသည့်အတွက် ပိတ်ထားရဆဲဖြစ်သည်။