ထိုင်း လုပ်ငန်းရှင်များ အနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများ၏ တရားဝင် အထောက်အထား စာရွက်စာတမ်းများကို သိမ်းဆည်းထားလျှင် ၁၉၉၈ ခုနှစ်က ထုတ်ပြန်ထားသော အလုပ်သမား ကာကွယ်စောက်လျှောက်ရေး အက်ဥပဒေ ပြဌာန်းချက်အရ အရေးယူ ဆောင်ရွက် သွားမည်ဟု ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန က ယခုလ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ အလုပ်ရှင်များအနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများ၏ အထောက်အထားများ ဖြစ်သည့် တရားဝင် နိုင်ငံကူး လက်မှတ် (Passport)၊အလုပ်လုပ်ကိုင်ခွင့် အထောက်အထား (Work permit)၊ ပန်းရောင်ကတ် တို့ကို သိမ်းဆည်းထားကြောင်း တိုင်ကြား ချက် ခိုင်လုံပါက အလုပ်ရှင်အနေဖြင့် ထောင်ဒဏ် ၆ လ မှ ဒဏ်ငွေ ဘတ် ၁ သိန်းအထိ ကျခံရမည်ဖြစ်သည်ဟု သိရသည်။
ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က “အခုလိုဥပဒေမျိုးတွေ ထွက်ပေါ်လာပြီးမှ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်လာမယ်ဆိုရင် အလုပ်သမားတွေ ပိုင်ဆိုင်တဲ့ စာရွက်စာတမ်းတွေဟာ အလုပ်သမားတွေနဲ့ ထက်ချပ်မကွာ တည်ရှိနေမှာဖြစ်ပြီး လွတ်လပ်စွာနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ ခရီးသွားလာနိုင်မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်း အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ထိုင်နိုင်ငံတွင်ရှိသော ရွှေ့ပြောင်း အလုပ်သမားအရေးကို စနစ်တကျ ကာကွယ် စောင့်လျှောက် ပေးရန်အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ ညှိနှိုင်းဆွေးနွေးပြီးသည့် နောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဦးအောင်ကျော်က ပြော သည်။
ထိုင်း အလုပ်သမား ဝန်ကြီးဌာန၏ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်သည့် အဆိုပါ ထုတ်ပြန်ချက်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်အပြီး ၂ လအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် က ၎င်း၏ ထိုင်းခရီးစဉ်တွင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး အလေးထား ဆောင်ရွက်ပေးရန် ပြောဆိုခဲ့သည်။
အလုပ်ရုံကြီးတချို့တွင် အလုပ်သမားများ၏ တရားဝင် စာရွက်စာတမ်း အထောက်အထားများကို သိမ်းဆည်း ခြင်းမရှိသော်လည်း တချို့ သောလုပ်ငန်းရှင်က သိမ်းဆည်းထားသဖြင့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် သွားရေးလာရေး အခက်အခဲများ ကြုံတွေ့ရကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ထိုင်း အလုပ်သမား ဝန်ကြီးဌာနထံ တင်ပြခဲ့ကြ ကြောင်း လည်း ဆိုသည်။
ထိုင်း အလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရွှေ့ပြောင်း အလုပ်သမားများ၏ တရားဝင် စာရွက်စာတမ်းများကို သိမ်းဆည်းထားလျှင် သက်ဆိုင်ရာ ဒေသရှိ ရဲတပ်ဖွဲ့ထံသို့ အသိမ်းဆည်းခံရသည့် အလုပ်သမားအနေဖြင့် ၎င်း၏ အလုပ်ရှင်အမည်၊ အလုပ်ရုံအမည်နှင့် အလုပ်ရုံ လိပ်စာတို့ကို တင်ပြ၍ သွားရောက် တိုင်တန်းနိုင်ကြောင်း၊ ယင်းနောက် ရဲတပ်ဖွဲ့က အလုပ်ရှင်အားခေါ်ယူ၍ အထောက်အထားများကို တောင်းယူပေးမည်ဖြစ်ပြီး ယင်းသို့တောင်းယူရာတွင် အလုပ်ရှင်က ငြင်းဆန်မည် ဆိုပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ထိုင်း အလုပ်ရှင်တချို့အနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများ၏ တရားဝင် အထောက်အထားများကို သိမ်းဆည်းထားသဖြင့် လုပ်သားများ အပြင်ထွက်ရာတွင် အထောက်အထား မပြနိုင်သည့်အတွက် ထိိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းနှင့် ငွေနှင့် ပြန်ရွေးရခြင်း များ ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ထိုင်း အလုပ်သမား ဝန်ကြီးဌာန၏ ၁၉၉၈ အလုပ်သမား ဥပဒေအရ လက်တွေ့ ဆောင်ရွက်ရာတွင် ထိရောက်သည့် ဆောင်ရွက်ချက်မျိုး သိပ်မတွေ့ခဲ့ကြောင်း ယခုထုတ်ပြန်ချက်အပေါ် ကြိုဆိုသော်လည်း ထိုင်းအစိုးရအနေဖြင့် ဥပဒေအရ ထိထိရောက်ရောက် လုပ်ဆောင်ခြင်း ရှိမရှိကို စောင့်ကြည့်ရန်သာ ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းက ပြောဆိုသည်။
ဦးကျော်သောင်း က “ကျနော်တို့ ဒီမှာအလုပ်သမားအရေး ဆောင်ရွက်လာတဲ့ ကာလတလျှောက်မှာ ထိုင်းအစိုးရက တရားမဝင် အလုပ်သမား ဆိုပြီးတော့သာ အစုလိုက်အပြံုလိုက် ဖမ်းပြီးပြန်ပို့တာပဲ တွေ့တယ်။ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေကြတဲ့ အလုပ်ရှင်တွေကို အရေး ယူ ဆောင်ရွက်တာတွေက နည်းသေးတယ်။ ဆိုတော့ အခုထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဘယ်လောက် ထိထိရောက်ရောက် ဆောင်ရွက်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများ၏ ခန့်မှန်း ပြောဆိုချက်အရ ထိုင်းနိုင်ငံတဝန်းတွင် ပုံစံအမျိုးမျိုးဖြင့် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေအတွက် ၃ သန်းကျော်ရှိကြောင်း သိရပြီး တရားဝင် နေထိုင်လုပ်ကိုင်ခွင့် အထောက် အထား ပြဿနာကြောင့် မြန်မာနိုင်ငံအတွင်းသို့ ဖမ်းဆီးပြန်ပို့ခံရသည့် အလုပ်သမား အရေအတွက်သည်လည်း နေ့တိုင်းနီးပါး ရှိနေသည် ဟု ဆိုသည်။