အစိုးရ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အရှုံးပေါ်နေသည့် နိုင်ငံပိုင် စက်ရုံ ၃ ခုကို အစိုးရသစ် လက်ထက်တွင် ပုဂ္ဂလိက လွှဲပြောင်းလိုက်ပြီး ၁ ခုကို လုံး၀ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြေင်း စက်မှုဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကိုကိုလွင်က ယမန်နေ့က ပြုလုပ်သည့် အစိုးရ ရက် ၁၀၀ စီမံချက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အရှုံးပေါ်နေသည့် နိုင်ငံပိုင် စက်ရုံ ၃ ခုမှာ ကျောက်ဆည်မြို့နှင့် ပုသိမ်မြို့တို့မှ မှန်စက်ရုံ ၂ ခု၊ ကျောက်ဆည်မှ အကြီးစား မီးခံအုတ် ထုတ်သည့် စက်ရုံ ၁ ခု တို့ ဖြစ်ကြောင်း၊ သထုံမြို့နယ်မှ ရပ်ဆိုင်းလိုက်ရသည့် ကော်ဆက်ဆိုဒါ ဓာတုဗေဒ ပရောဂျက်မှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ စက်မှုဝန်ကြီးဌာနက လွှဲပြောင်း လက်ခံခဲ့ရသည့် လုပ်ငန်းတခု ဖြစ်ကြောင်း ဦးကိုကိုလွင်က ပြောသည်။
ဦးကိုကိုလွင်က “အခု အစိုးရလက်ထက်မှာ နိုင်ငံပိုင် စက်ရုံ ၄၇ ခု ရှိတာကနေ စက်ရုံ ၃ ရုံကို ငှားလိုက်ပါပြီ။ ပရောဂျက် ၁ ခု ရပ်လိုက်ပါတယ်။ အဲအတွက် ကျနော်တို့ အောက်မှာ ၄၄ ရုံ ကျန်ပါတယ်” ဟု ပြောသည်။
အထက်ပါ လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စီးပွားရေးကော်မတီသို့ တင်ပြ အတည်ပြုချက် ရယူခဲ့ရကြောင်း သိရသည်။
“ရက် ၁၀၀ ကာလအတွင်းမှာ အရှုံးပေါ်နေတဲ့ စက်ရုံ ၃ ရုံ ရှိပါတယ်။ ကျောက်ဆည်မှာ ရှိတဲ့ မှန်စက်ရုံ ဖြစ်ပါတယ်။ မှန်ရဲ့ သဘော သဘာဝအရ မီး အသုံးပြုရတဲ့အခါ မီးဖိုက မီးမွှေးပြီးတာနဲ့ တောက်လျှောက် ရပ်လို့မရဘူး။ မီးဖိုရဲ့ သက်တမ်းက ၆ နှစ်ဆိုရင် တောက်လျှောက် ၆ နှစ် ထုတ်ရတယ်။ ထုတ်တဲ့အခါမှာ ဈေးကွက်မှာ ပြင်ပက တင်သွင်းလာတဲ့ မှန်တွေရဲ့ ဈေးကွက်ကို မယှဉ်နိုင်ဘူး။ မယှဉ်နိုင်တော့ အရှုံးပေါ်ပါတယ်” ဟု အမြဲတန်း အတွင်းဝန် ဦးကိုကိုလွင်က ပြောသည်။
အရှုံးပေါ်နေသည့် ကျောက်ဆည် မှန်စက်ရုံကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် စီးပွားရေးရာ ကော်မတီသို့ တင်ပြကာ International Glass ကုမ္ပဏီနှင့် စက်မှုဝန်ကြီးဌာနတို့ မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် (MIC) ၏ သဘော တူညီချက်ဖြင့် နှစ်ရှည်ငှားရမ်းပြီး အကျိုးတူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အတူ ပုသိမ်မြို့ရှိ မှန်စက်ရုံကိုလည်း Excellent Fortune Development Group ကုမ္ပဏီသို့ နှစ်ရှည် ငှားရမ်းရန် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
“နောက်တခုက အမှတ် ၃၃ အကြီးစား စက်ရုံ (ကျောက်ဆည်) က အဆင့်မြင့် မီးခံအုတ်တွေ ထုတ်တဲ့ စက်ရုံ ဖြစ်ပါတယ်။ ဒီစက်ရုံကိုလည်း စိုးနိုင်ဖြိုး ကုမ္ပဏီ လီမိတက်ကို ၃၅ နှစ်ပေါ့။ MIC မှာ တင်ပြပြီးတော့ နှစ်ရှည် ငှားရမ်းဖို့ ဆောင်ရွက်ပြီး ဖြစ်ပါတယ်” ဟု အတွင်းဝန်က ပြောသည်။
ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ရသည့် ကော်ဆက်ဆိုဒါ ပရောဂျက်သည် တရုတ်နိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်နေသည့် ပရောဂျက်ဖြစ်ပြီး ယင်းလုပ်ငန်းကို ရပ်ဆိုင်းရန် နိုင်ငံတော် အကြီးအကဲများ၊ စီးပွားရေးရာ ကော်မတီနှင့် အစိုးရအဖွဲ့အထိပါ အဆုံးအဖြတ် ခံယူခဲ့ရကြောင်း သိရသည်။
“အဓိက အကြောင်းအရင်းကတော့ စီးပွားရေး တွက်ခြေ မကိုက်တာပါ။ ဒါကို ထုတ်လုပ်ရင် ကျနော်တို့ နိုင်ငံအတွက် ချေးငွေယူပြီးတော့ လုပ်ရတယ်။ ချေးငွေ ယူတဲ့အတွက် အတိုးတွေ ပေးရတာ ရှိတယ်။ China Excel Bank ကို ရှင်းရမှာပေါ့။ ပြီးရင် ချေးငွေ အတိုးတွေနဲ့ ပြန်ရမယ့် အမြတ်က အရင်းလည်း ဆပ်ရမယ်။ အတိုးလည်း ဆပ်ရမယ်ဆိုတာ ရှိပါတယ်”ဟု ဦးကိုကိုလွင်က ပြောသည်။
ဦးကိုကိုလွင်က ဆက်၍ “ဒီ လုပ်ငန်းက ယခင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်ကနေ ကျနော်တို့က စက်မှုက လွှဲယူလိုက်တာပါ။ စက်မှုလက်ထဲ ရောက်တော့ ကျနေ်ာတို့က ပိုက်ဘောမိသွားရော။ ပိုက်ဘောမိသွားတော့ အတိုးလည်း ရှင်းရပြီ။ အရင်းလည်း ရှင်းရပြီ။ သို့သော် ဒီကိစ္စက နိုင်ငံတော်ရဲ့ အစီအမံ ဖြစ်ခဲ့တဲ့အတွက် လက်ခံပါတယ်” ဟု ပြောသည်။
ယင်းလုပ်ငန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရသော်လည်း သထုံမြို့နယ်တွင် ဆောင်ရွက်နေသည့် ယင်းပရောဂျက်အတွက် အခြေခံ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ရေ၊ မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပြီး အဆောက်အဦတချို့ပင် ဆောက်လုပ်ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းနေရာကို သထုံစက်မှုနယ်မြေဟု သတ်မှတ်၍ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံပေါင်း ၁၀၃ ရုံတွင် ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်မှု ၅၉ ရုံ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ၁ ရုံ၊ ဖက်စပ် ၂ ရုံနှင့် ငှားရမ်းထားသည့် စက်ရုံ ၅၆ ရုံ ရှိကြောင်း သိရသည်။
စက်မှု ဝန်ကြီးဌာန လက်အောက်တွင် ၂၀၁၁ ခုနှစ်၌ ဝန်ထမ်း ၄ သောင်းကျော် ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၂ သောင်း ၇ ထောင်သာ ကျန်တော့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဝန်ထမ်းများကို ပင်စင် ကျပ်သန်း ၉,၈၃၂ ကျော် အသုံးပြုခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ကျပ်သန်း ၂၆,၄၁၈ ကျော်အထိ အသုံးပြုလာကြောင်း စက်မှု ဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
“ခေတ်အဆက်မှာ အစိုးရအဆက်ဆက်ရဲ့ မူဝါဒတွေကြောင့် ပြုပြင်ပြောင်းလဲခဲ့ရပါတယ်။ စက်မှုက ထုတ်တဲ့ ထုတ်ကုန်တွေကို ပြည်သူလူထု ဈေးသက်သက် သာသာ ရရှိရေးဆိုပြီးတော့ အရှုံးခံပြီး ထုတ်ခဲ့တာပါ။ စက်မှု လုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲပြောင်းဖို့ ဆောင်ရွက်မယ်။ ပုဂ္ဂလိကတွေက အဆင်သင့် မဖြစ်သေးဘူးဆိုရင်တော့ ဒီလုပ်ငန်းတွေကို နိုင်ငံတော်ကနေပဲ ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးကိုကိုလွင်က ပြောသည်။
သို့သော် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆေးဝါး လုပ်ငန်းကိုမူ နိုင်ငံတော်ပိုင် အဖြစ်သာ ဆက်လက် လုပ်ကိုင်သွားမည်ဟု သိရသည်။
“စက်မှု ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ မြန်မာ့ဆေးဝါးလုပ်ငန်းလို လုပ်ငန်းမျိုးကတော့ နိုင်ငံပိုင် အနေနဲ့ပဲ ဆုပ်ဆုပ်ကိုင်ကိုင် ဆက်လုပ်သွားမှာပါ ။ ပုဂ္ဂလိကကို လွှဲမယ်ဆိုရင် ချက်ချင်းလွှဲလိုက်လို့ မရပါဘူး။ အရင်ဆုံး Cooperate လုပ်ပြီး အရင်သွားရပါတယ်။ ပြီးမှ လွှဲရမှာပါ။ ချက်ချင်းကြီး လွှဲလိုက်လို့ ပြဿနာတက်နေတဲ့ ဦးစီးဌာနတွေရှိကြောင်း တင်ပြလိုပါတယ်” ဟု ဦးကိုကိုလွင်က ပြောသည်။
အစိုးရအဆက်ဆက်က နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ လက်သိပ်ထိုး လုပ်ခြင်းများ ရှိခဲ့သဖြင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ဆက်စပ်သတင်း
အရှုံးပေါ် နိုင်ငံပိုင် လုပ်ငန်းများ စိစစ်ရန် လွှတ်တော် ကော်မတီ တိုက်တွန်း