ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဖွဲ့စည်း၊ ကိုဖီအာနန် ဥက္ကဋ္ဌတာဝန်ယူမည်
ရခိုင်ပြည်နယ်၏ အရေးကိစ္စများကို ဖြေရှင်းရန် အကြံပေးကော်မရှင်ကို မြန်မာနိုင်ငံသား ၆ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ် (၃)ဦးဖြင့် ဖွဲ့စည်လိုက်ကြောင်း နိုင်ငံ တော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ယနေ့ သြဂုတ်လ ၂၄ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်ဥက္ကဋ္ဌ အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် မှ ဆောင်ရွက်မည်ဖြစ်ပြီး၊ အဖွဲ့ ဝင်များအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက်တာ သာလှရွှေ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအအကြံပေးပုဂ္ဂိုလ်ဟောင်း လက်ဘနွန်နိုင်ငံမှ မစ္စတာ ဂါဆန်ဆလမ်၊ ကုလသမဂ္ဂအိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာ အစီအစဉ်(UNAIDS)၏ အထူးအကြံပေးပုဂ္ဂိုလ်နှင့် ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး ဟောင်း မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ်၊ ငြိမ်းချမ်းမေတ္တာ အဖွဲ့ (မြန်မာနိုင်ငံ) တည်ထောင်သူ တစ်ဦးနှင့်အမြုတေအဖွဲ့ဝင် ဦးအေးလွင်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အဖွဲ့ဝင် သားဖွားမီးယပ် ပညာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြသီတာ၊ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ နှင့် ရခိုင်အမျိုးသမီးများ အသင်း ဒုဥက္ကဋ္ဌ ဒေါ်စောခင်တင့် တို့က တာဝန်ယူသွားမည်ဖြစ်သည်။
ကော်မရှင်သည် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများအား ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်း များကို ရှာဖွေရန် ပါဝင်သက်ဆိုင် သူများနှင့်လည်းကောင်း၊ နိုင်ငံတကာကျွမ်းကျင်သူများနှင့် လည်း ကောင်း၊ နိုင်ငံတကာမှ အရေးပါသည့် ပုဂ္ဂိုလ်များနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့၏ အမြင်သဘောထား များကိုရယူလျက် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ပါသည်။
ရခိုင်ဒေသရှိပြည်သူများ၏ လုံခြုံရေးနှင့်အခြေခံအခွင့်အရေးများအား အာမခံချက် ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စများနှင့် အခြေခံလူမှုဝန် ဆောင်မှုများ ရရှိရေးကိစ္စများအား စဉ်းစားဆောင်ရွက်မည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခကြို တင်ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုအကူ အညီများပံ့ပိုးရေး၊ အခွင့်အရေး များနှင့် ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး၊ အခြေခံအဖွဲ့အစည်း အဆောက်အအုံများ တည်ထောင်ပေးရေး၊ ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရေး စသည့်ကဏ္ဍများအတွက် လေ့လာသုံးသပ်မှု ပြုလုပ်၍ အကြံပြုတင်ပြမှုများပြုလုပ်မည်ဖြစ်သည်။
ထို့အပြင် ကော်မရှင်အနေဖြင့် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာဆက်နွှယ်မှုတို့ကိုလည်း သုံးသပ်သွားမည်ဟုလည်း သိရသည်။
ကော်မရှင်သည် သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ရှာဖွေတွေ့ ရှိချက်များနှင့် လေ့လာသုံးသပ် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှတစ်ဆင့် မြန်မာနိုင်ငံအစိုးရထံတင်ပြမည်ဖြစ်ပြီး ပြည်သူလူထု သိရှိ နိုင်ရေးအတွက်လည်း အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိမည်ဖြစ်ပါသည်။ အစီရင်ခံစာကို ကော်မရှင်တည်ထောင်ပြီး ၁၂ လ ကာလထက်နောက် မကျစေဘဲတင်ပြရမည်ဖြစ်သည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်း တို့အကြား နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးမည်ဖြစ်ပါသည်။