ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ ပညာရေးဝန်ထမ်း ၄ သိန်းကျော်ကို အခြေခံ လစာများ တိုးပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောသည်။
သြဂုတ် ၂၃ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုုပ်သည့် အစိုးရ၏ ရက် ၁၀၀ စီမံချက်များ ရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ရှင်းပြသည်။
သို့သော် ရက်အတိအကျ၊ အသုံးပြုမည့် ဘတ်ဂျက်ငွေ ပမာဏ၊ တိုးမြှင့်ပေးမည့် လစာနှုန်းထား အသေးစိတ်အခြေအနေများကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
“ကျနော် ဌာနမှာလည်း ဝန်ထမ်းက ၄ သိန်းကျော် ရှိပါတယ်။ ဆရာ၊ ဆရာမက ၃ သိန်း ၇ သောင်းကျော် ရှိပြီး ကျန်တဲ့ ဝန်ထမ်းနဲ့ ပေါင်းရင် ၄ သိန်းကျော် ရှိပါ တယ်။ တခုတိုးပေးလိုက်တိုင်း လိုအပ်လာမယ့် ငွေကြေး ပမာဏက အတော်ကို ကြီးမားတာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ အစီအစဉ်လေးတွေ လုပ်နေပါပြီ။ ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး”ဟု ဦးအောင်သန်းဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာန၏ ဘတ်ဂျက် ဝင်ငွေ ရရှိထားမှုအပေါ် မူတည်၍ လစာများ တိုးပေးနိုင်ရန် စီစဉ်နေကြောင်း၊ ပညာရေး ဝန်ကြီးဌာန အခြေခံ ပညာ ဦးစီးဌာနတွင် ငွေကျပ် ၁၀၀ ရရှိပါက ၈၅ ရာခိုင်နှုန်းကို အခြေခံပညာကဏ္ဍရှိ ဆရာ/ဆရာမ အပါအဝင် ဝန်ထမ်းများအတွက် အသုံးပြုနေရကြောင်း သိရသည်။
ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကောက်ခံ ရရှိသော ကုန်သွယ်လုပ်ငန်းခွန် ခေါင်းစဉ်အောက်မှ တယ်လီဖုန်း ပြောဆိုခ ၅ ရာခိုင်နှုန်း အခွန်ငွေ ကျပ် ၇ ဒဿမ ၅ ဘီလီယံကို အခြေခံ ပညာရေးကဏ္ဍ ဝန်ထမ်း လစာတိုးနိုင်ရေးတွင် ထည့်သွင်း စဉ်းစားပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရက် ၁၀၀ ရှင်းလင်းပွဲတွင် ပြောကြားသည်။
“MPT ရဲ့ တလစာ ကျနော်တို့ ရခဲ့ပါတယ်။ အဲဒါတွေကို အသက်မွေးပညာ ကဏ္ဍမှာ သုံးပါမယ်။ အဲဒီ ကဏ္ဍမှာ ကျောင်းသား/သူ ၁၃၅၈၂ ဦး ရှိပါတယ်။ သင်ယူမှုသင်တန်း တိုးချဲ့ဖို့နဲ့ အခြေခံ ပညာ ကဏ္ဍမှာလည်း လိုအပ်ချက် ရှိတဲ့နေရာတွေမှာ သုံးပါမယ်။ အကယ်၍များ ခွင့်ပြုမယ်ဆိုရင် ဆရာ၊ ဆရာမတွေရဲ့ လစာမှာ သုံးစွဲသွားလိုကြောင်း တင်ပြပါတယ်”ဟု ဒေါက်တာ မျိုးသိမ်းကြီးက ဆိုသည်။
အခြေခံပညာ အဆင့်တွင် ကျောင်းအထွေထွေလုပ်သားမှာ ၁၂၀၀၀၀ ကျပ်၊ မူလတန်းပြ တဦးလျှင် ၁၅၀၀၀၀ ကျပ်၊ အလယ်တန်းပြတဦးလျှင် ၁၆၀၀၀၀ ကျပ်နှင့် အထက်တန်းပြတဦးလျှင် ၁၈၀၀၀၀ ကျပ် အခြေခံ လစာအဖြစ် ရရှိနေပြီး ၂ နှစ် တကြိမ် လစာ အနည်းငယ် တိုးသည့် အစဉ်အလာ ရှိကြောင်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ မူလတန်း ကျောင်းအုပ်ဆရာမကြီးတဦးက ပြောသည်။
“လစာတော့ တိုးစေချင်တယ်။ ကုန်ဈေးနှုန်း တက်မှာလည်း ကြောက်တယ်။ အခုလစာတိုးမယ်ဆိုတဲ့အသံနဲ့တင် ကုန်ဈေးနှုန်းက တက်နေပြီ။ တိုးပေးရင်တော့ အထွေထွေ လုပ်သားကို ၂ သိန်းလောက် ရစေချင်တယ်။ အထက်တန်းပြကိုလည်း ၃ သိန်းလောက်အထိ တိုးပေးစေချင်တယ်”ဟု ယင်;ကျောင်းအုပ်ဆရာကြီးက ပြောသည်။