မန္တလေးတိုင်းဒေသကြီး အတွင်း အခွန်တံဆိပ်များကပ်၍ ရောင်းချခြင်းမပြုသည့် ဆိုင်များကို စစ်ဆေးခဲ့ရာ ဧပြီလမှ သြဂုတ် ၂၂ ရက်နေ့အထိ ဆိုင် ၄၈ ဆိုင်ကို ဒဏ်ငွေတပ်ကာ အရေးယူခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန သိရသည်။
“အခွန်က ကျနော်တို့ တနိုင်ငံထဲ ကောက်တာမဟုတ်ဘဲ နိုင်ငံတကာမှာလည်း ကောက်ခံနေတာပါ။ လိုက်နာမှု မရှိလို့လည်း အရေးယူတာ လုပ်နေရတယ်။ အခွန်ထမ်း(စားသုံးသူ)တွေ လိုက်နာမယ်ဆိုရင် တိုင်းပြည် ဘဏ္ဍာတိုးလာမယ်။ လုပ်ငန်းရှင်တွေကလည်း မလိုက်နာတာရှိတယ် ” ဟု မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး က ပြောသည် ။
အခွန်တံဆပ်မကပ်ဘဲ ရောင်းချမှုများကို ပြည်တွင်းအခွန်ဌာန ဝန်ထမ်းများမှ ဆိုင်များသို့ လိုက်လံစစ်ဆေးခြင်း အပြင် စားသုံးသူများကလည်း သတင်းပေးတိုင်ကြား နိုင်ရာ တိုင်ကြားသူကို ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းအား ဆုကြေးအဖြစ် ပေးအပ်ကြောင်း၊ အခွန်တံဆိပ်မကပ်ဘဲ ရောင်းချမ ှုများတွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ ပါဝင်ကြောင်းသိရသည်။
“ နိုင်ငံသားတဦးရဲ့တာဝန်ကို ကျေပွန်ချင်လို့ အခွန်ပေးနေတာပါ။ ဒါပေမယ့် ဆိုင်တွေကို သွားစားရင် အခွန် တံဆိပ်ပေးတဲ့ဆိုင်က ပေးတယ်။ အခွန် တံဆိပ်မကပ်ရင် တိုင်ကြားနိုင်တယ်ဆိုလို့တိုင်ခဲ့တယ်။ ဆုငွေ အမှန်တကယ်ပေးမယ်ဆိုရင် ပြည်သူတွေယုံကြည်မှုရှိအောင်ပေးသင့်တာပေါ့၊ အခုတော့ လူကြီးတွေက လူထုပူးပေါင်းပါဝင်မှု မရှိဘူးလို့သာ ပါးစပ်က ပြောနေတယ်။ တကယ်တမ်း ပူးပေါင်းပါဝင်တော့လည်း ဆုကြေးငွေ မရတော့ ယုံကြည်မှု ကင်းမဲ့သွားနိုင်ပါတယ်”ဟု မန္တလေးမြို့ခံ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးသိန်းထိုက်ဦးက ပြောသည်။
“စားသောက်ဆိုင်တွေကနေ စားသုံးသူတွေကို ပေးလိုက်တဲ့ပြေစာတွေမှာ သတ်မှတ်ကုန်သွယ် လုပ်ငန်းခွန်တံဆိပ်ခေါင်း မ ကပ်ဘဲ ပေးနေတာတွေအတွက် စစ်ဆေး အရေးယူ ဒဏ်ရိုက်နေတာပါ၊ ပထမအကြိမ် ပျက်ကွက်မှုအတွက် ဒဏ်ငွေ ၂ သိန်း၊ ဒုတိယအကြိမ်ပျက်ကွက်ရင် ဒဏ်ငွေ ၅ သိန်း၊ တတိယအကြိမ်ပျက်ကွက်ရင် ဒဏ်ငွေ ၇ သိန်း၊ တတိယအကြိမ်ထက် ကျော်လွန်လာရင် စတုတ္ထအကြိမ်ကနေစပြီး ဒဏ်ငွေ ၁၀ သိန်း သတ်မှတ်ထားပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပြောသည် ။
ကုန်သွယ်လုပ်ငန်းခွန်ရရှိနိုင်စေရန်အတွက် ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်ကြီးများ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများအပေါ် ပြေစာများကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးခြင်း ရှိ၊ မရှိအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ၏ တိုင်တန်းမှုများကိုလည်း အရေးယူ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
“ကျွန်တော်တို့ဆိုင်ရဲ့ ရောင်းအားကိုချိန်ပြီး အခွန်ပြေစာ အမှတ်တံဆိပ်ကို လစဉ် အခွန်ဌာနကနေ ဝယ်ယူတယ် ၊ မြန်မာနိုင်ငံမှာ အခွန်ကောက်ခံမှုက အလွန်နောက်ကျပါတယ်။ အခွန်ကောက်တဲ့အတွက် ဧည့်သည် တချို့က လက်ခံပေးနိုင်မှု နည်းပါးနေတာကိုလည်း တွေ့ရတယ်။ ဒါဘာကြောင့် ဖြစ်နေရသလဲဆိုရင် ပြည်သူတွေကို အခုလို အခွန်မျိုး ပေးဆောင်ရမယ်ဆိုတဲ့ အသိပညာပေးမှု အပိုင်း အားနည်းနေမှုကြောင့်လို့ပဲ မြင်မိပါတယ်”ဟု ချမ်းမြသာစည်မြို့နယ်ရှိ လပြည့်ဝန်း စားသောက်ဆိုင်မန်နေဂျာ ဦးမောင်မောင်ကပြောသည်။
ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ အရေးယူ ဆောင်ရွက်နေလျက်ရှိရာ လက်ရှိ ဘဏ္ဍာနှစ်၏ ဧပြီလမှ သြဂုတ်လ ၂၂ ရက်နေ့ အထိ ဒဏ်ငွေ ၁၃၁ သိန်းကျော် ရရှိခဲ့ပြီး ဆိုင် ၄၈ ဆိုင်မှ ကောက်ခံရရှိသည့် အခွန်ငွေ ကျပ် ၈၈၀၀၀ ကျော် ရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
၂၀၁၅ ခုနှစ် မေ ၁ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ရာ မတ်လကုန်အထိ စုစုပေါင်း စားသောက်ဆိုင် ၁၆၆ ဆိုင်၊ ဟိုတယ် ၈ ခုတို့ကို အရေးယူခဲ့ပြီး ဒဏ်ငွေ ၄၂၁ သိန်းကျပ် ရရှိခဲ့ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ပြေစာ သို့မဟုတ် ငွေ လက်ခံရရှိကြောင်း၊ အထောက်အထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှု ရယူသူထံသို့ ထုတ်ပေးရန် ပျက်ကွက်ခြင်း သို့မဟုတ် ပြေစာအား ထုတ်ပေးသော်လည်း သတ်မှတ်ထားသော ကျသင့်အခွန်တန်ဖိုးအတိုင်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်း ရှိ၊ မရှိတို့ အား စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်းသိရသည်။