ယခုလအတွင်း အမေရိကန်နိုင်ငံသို့ မြန်မာနိုင်ငံမှ ကော်ဖီစေ့ ကုန်သေတ္တာ ၂ လုံး ရောက်ရှိလာခြင်းသည် ၁၅ နှစ်ကြာကာလ အတွင်းတွင် ပထမဆုံး စီးပွားဖြစ် တင်သွင်းမှု ဖြစ်သည်။ တချိန်က အရှေ့တောင်အာရှ၏ စီးပွားရေးတွင် အထီးကျန်ဖြစ်ခဲ့သော မြန်မာနိုင်ငံမှ တောင်သူလယ်သမားများအတွက် အမေရိကန်အစိုးရ၏ ဖွံ့ဖြိုးရေး အစီအစဉ်မှ အသီးအပွင့်လည်း ဖြစ်ပါသည်။
တအိတ်လျှင် ၆၀ ကီလိုဂရမ်ဆန့်သည့် အိတ် ၆၀၀ ပါဝင်သော ကုန်သေတ္တာ ၂ လုံးကို Seattle အခြေစိုက် Atlas Coffee Importers က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် နှစ်စဉ် ကော်ဖီသုံးစွဲမှုက အိတ်ပေါင်း ၂၄.၈ သန်းရှိ သည် ဟု သိရပါသည်။ သို့သော်လည်း တင်သွင်းမှုမှာ ရာသီဥတု ပြောင်းလဲမှုကို ခံစားနေရသည့် ပုံမှန် ထောက်ပံနေကျ နေရာ များမှ ကွဲပြားသောကြောင့် ကြိုဆိုမှု တမျိုးနှင့် ကြုံတွေ့ရနိုင်သည်။
Whole Foods Market က ၄၁ အိတ် နှင့် Chobani ဒိန်ချဉ်ကို တည်ထောင်သူ Hamdi Ulukaya က ကျောထောက် နောက်ခံပေးထားသော La Colombe က ၁၀ အိတ်ဝယ်ယူခဲ့သည်။ အဆိုပါ Arabica ကော်ဖီစေ့များကို သြဂုတ်လ ၂၃ ရက်နေ့တွင် ဝါရှင်တန်မြို့ရှိ La Colombe ကော်ဖီဆိုင်တွင် ပြသသည်။
“ဒါကို မူရင်းဒေသတခုထဲက ရတဲ့ ကော်ဖီ အနေနဲ့ (single origin)ရော ကျနော်တို့ရဲ့ အထူးကော်ဖီ အနေနဲ့ပါ ရောင်းချ သွားမယ် ဖြစ်ပါတယ်” ဟု Allegro Coffee ကုမ္ပဏီမှ ဒါရိုက်တာ Darrin Daniel ကပြောသည်။ အဆိုပါ ကုမ္ပဏီသည် Whole Foods ၏ လုပ်ငန်းခွဲတခုဖြစ်ပြီး အစားအသောက် စတိုးဆိုင် အများအပြားသို့ ကော်ဖီ ထောက်ပံ့ပေးနေသည်။
၁၉၉၀ ခုနှစ်များတွင် မြန်မာနိုင်ငံက ကော်ဖီ အသင့်အတင့်သာ နိုင်ငံခြားသို့ တင်ပို့နိုင်ခဲ့ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် ၆၀ ကီလိုဂရမ် အိတ် ၁၇ အိတ် ၂၀၁၅ ခုနှစ်က ပထမဆုံး တင်ပို့ ခဲ့ခြင်းဖြစ်သည်။ Texas ပြည်နယ် Austin အခြေစိုက် Irrawaddy Coffee Roasters ကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ တဦး ဖြစ်သည့် Melvin Tan က ထိုနှစ်အတွင်းတွင် မြန်မာနိုင်ငံမှ ၁၀ အိတ် တင်သွင်းခဲ့သည်ဟု ပြောသည်။
“တအိတ်ခွဲပဲ ကျန်တော့တယ်။။ ပြောရမယ်ဆိုရင် အခုနှစ် အတွင်းမှာ ပြီးခဲ့တဲ့ နှစ်ကထက် ၃ ဆ ကျော်သွားပါလိမ့်မယ်” ဟု Melvin Tan က ပြောသည်။
မြန်မာနိုင်ငံမှ ယခင် စစ်အစိုးရနှင့် အမေရိကန်နိုင်ငံကြားတွင် သံတမန်ဆက်ဆံရေး အားနည်းမှုများကြောင့် ကုန်သည်များ နှင့် ကော်ဖီလုပ်ငန်း ရှင်များက ယခုအချိန်အထိ စီးပွားရေး လုပ်ရန် သတိထားနေကြဆဲ ဖြစ်သည်ဟု ကော်ဖီလုပ်ငန်း အတွင်းမှ သတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် ၂ နှစ်က စ၍ အမေရိကန် အစိုးရ၏ အကူအညီပေးရေး အဖွဲ့အစည်းတခု ဖြစ်သည့် USAID က ကော်ဖီစေ့ အရည်အသွေး မြင့်မားလာရေးအတွက် မြန်မာနိုင်ငံမှ ကော်ဖီစိုက်တောင်သူများကို ငွေကြေးထောက်ပံ့ပေးသည့် အစီ အစဉ်တခုကို အကောင်အထည်ဖော်ခဲ့သည်။ ၂ နိုင်ငံကြားတွင် နိုင်ငံရေး နှင့် စီးပွားရေး ဆက်ဆံမှုများ ပွင့်လင်းလာခြင်း ၏ တစိတ်တပိုင်း ဖြစ်သည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တရားရုံး (UNODC) က ၂၀၁၄ ခုနှစ်မှစ၍ အစီအစဉ်တခုကို သီးခြား အကောင်အထည်ဖော်ခဲ့ပြီး ဘိန်းစိုက်တောင်သူများက ကော်ဖီပြောင်းလဲ စိုက်ပျိုးရေး အတွက်ကူညီပေးနေသည်။ UNODC က မြေ ၁၀၀၀ ဟက်တာ( ဧက ၂၄၇၀ ခန့်) တွင် ကော်ဖီစိုက်ပျိုးရန် တောင်သူ ၁၂၈၀ ဦးနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံး ခူးဆွတ်နိုင်ရန် မျှော်လင့်ထားသည်ဟု UNODC မှ Jochen Wiese က ပြောသည်။
La Colombe အတွက် ဒေသတခုတည်းအတွင်းမှ ကော်ဖီ ရရှိရေးနှင့် ထုတ်လုပ်ရေးများကို တာဝန်ယူဆောင် ရွက် နေ သော James Tooill အကယ်၍ တောင်သူလယ်သမားများကသာ USAID ၏ လေ့ကျင့်ရေး အစီအစဉ်များ ပြီးဆုံးမည့် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် အရည်အသွေးကို ထိန်းသိမ်းထားနိုင်ခဲ့လျှင် မြန်မာနိုင်ငံက အထူးကော်ဖီအတွက် အားကိုး အားထားပြုနိုင်မည့် ဒေသတခု ဖြစ်လာလိမ့်မည်ဟု ပြောသည်။
“ကနဦး ရင်းနှီးမြှုပ်နှံမှု ကျော်လွန်သွားတဲ့ အချိန်မှာ ဒါကို ဆက်လက်လုပ်ဆောင်နိုင်စွမ်းက အရေးပါတဲ့ အလှည့် အပြောင်း တခု ဖြစ်ပါတယ်” ဟု သူကဆိုသည်။
ကော်ဖီလုပ်ငန်းများက ထပ်မံဝယ်ယူမှုများ ပြုလုပ်ခြင်းကလည်း ထုတ်လုပ်မှုပိုများအောင် အားပေးနိုင်သည်ဟု Atlas Coffee Importers ကို တည်ထောင်သူ Craig Holt က ပြောသည်။
“အခုနှစ်မှာ ပါဝင်ခဲ့တဲ့ လူအများအပြားက အစိတ်အပိုင်းလေးတခုအနေနဲ့ ပါဝင်ခဲ့ကြပါတယ်။ သူတို့ပေးတဲ့ ငွေနဲ့ ထိုက်တန်ရဲ့လားဆိုပြီး စမ်းကြည့်ကြတာပါ”
မြန်မာနိုင်ငံက တနှစ်လျှင် ကော်ဖီ အိတ် ၁၁၅၀၀၀ ခန့် ထုတ်လုပ်နေသည်ဟု Atlas Coffee ၏ အဆိုအရ သိရသည်။ အိမ် နီးချင်း လာအိုနှင့် ထိုင်းနိုင်ငံတို့တွင်မူ နှစ်စဉ် အိတ် ၅၂၅ ၀၀၀ နှင့် ၁ သန်း အထိ အသီးသီး ထုတ်လုပ်နေသည်ဟု အမေရိကန် စိုက်ပျိုးရေး ဌာနက ပြောသည်။