သတင်း

ဧည့်စာရင်း တိုင်ကြားသည့်စနစ်အား ပြည်သူ့လွှတ်တော်၌ ပြန်လည် ထည့်သွင်း

မြန်မာနိုင်ငံ၌ ဧည့်စာရင်းတိုင်ကြားမှု အစဉ်အလာအား အမျိုးသားလွှတ်တော်က ပယ်ဖျက်ခဲ့သော်လည်း၊ ထိုစနစ်ကို ဆက် လက် ကျင့်သုံးသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ထည့်သွင်းထားသည်။

ဧည့်စာရင်းတိုင်ကြားသည့် စနစ်အား ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၌ ပြန်လည်ထည့်သွင်းရသည့် အကြောင်း ရင်းကို ကြိုတင်ပြောဆို၍ မရကြောင်း၊ ယင်းကိစ္စအား မကြာမီ ဆွေးနွေးကြမည်ဖြစ်၍ လွှတ်တော်၌ ဆွေးနွေးပြီးမှသာ ပြော ဆိုနိုင်မည်ဟု ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန် က ဧရာဝတီ ကို ပြောသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်၌ တတိယအကြိမ်မြောက် ပြင်ဆင်ရာတွင် ဧည့်စာရင်းတိုင်ကြရမည့် အစီအစဉ်ကိုပါ ပယ်ဖျက်ခဲ့သည်။

ဧည့်စာရင်းတိုင်ကြားမှု ပယ်ဖျက်ခြင်းကို ၂၀၁၆ ခုနှစ် ဇွန်လက ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့သည်။

အမျိုးသားလွှတ်တော်၌ ဧည့်စာရင်း ပယ်ဖျက်လိုက်သည့် အစီအစဉ်အား တပ်မတော်သားကိုယ်စားလှယ်များနှင့်ကိုယ်စား လှယ်တချို့ က ကန့်ကွက်၍ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့သည်။

ဧည့်စာရင်းတိုင်ကြားသည့် စနစ်အား ပြည်သူ့လွှတ်တော်၌ ပြန်လည်ထည့်သွင်းလာခြင်းသည် တပ်မတော်၏ လိုလားချက် ကြောင့်ဖြစ်နိုင်ကြောင်း၊ အကယ်၍ ပြည်သူ့လွှတ်တော်၌ ထိုစနစ်အား အတည်ပြုမည်ဆိုပါကလည်း လူ့အခွင့်အရေး ရှု ထောင့်အရ အများပြည်သူ လက်ခံနိုင်မည့် စနစ်တခုသာ ဖြစ်သင့်သည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် တဦး က ဧရာဝတီ ကို ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ဧည့်စာရင်းစနစ်ကို ဆက်လက်ကျင့်သုံးရန် မသင့်တော့ကြောင်း၊ သို့သော် တရားဥပ ဒေစိုးမိုးမှု မရှိသေးသည့်နယ်စပ်ဒေသ တချို့တွင် ဆက်လက်ထားရှိသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ က ဧရာဝတီကို ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက “ဧည့်စာရင်းဆိုတာက မုန်းစရာကောင်းတဲ့ကိစ္စတခုပဲ၊ မိသားစုတခုကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ အများကြီး စိတ်အနှောင့်အယှက် ဖြစ်စေတယ်၊ နောက်တခုက ဧည့်စာရင်းကို အ ကြောင်းပြပြီးတော့ သာမန်ပြည်သူတွေအပေါ်မှာ သက်ဆိုင်ရာဒေသအာဏာပိုင်တွေရဲ့ ဗိုလ်ကျတာတွေရှိပါတယ်” ဟုဆို သည်။

ဒီမိုကရေစီလူ့အဖွဲ့အစည်း၌ ဧည့်စာရင်းစနစ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် လုံးဝ မရှိသင့်သောအရာဖြစ်သော်လည်း ခြွင်းချက်အနေဖြင့် နယ်စပ်ဒေသ လူဝင်လူထွက်များသည့် ဒေသများ၌မူ ဧည့်စာရင်းစနစ်ကို ထားရှိသင့်ကြောင်းလည်း ဦး ဦးလှစော က ပြောသည်။

ဧည့်စာရင်းစနစ်သည် ကောင်းကျိုးနှင့် ဆိုးကျိုးဒွန်တွဲနေကြောင်း၊ ဒီမိုကရေစီအရေး လှုပ်ရှားခဲ့ကြသည့် ကာလတလျှောက် တွင် ဧည့်စာရင်းကို လက်နက်သဖွယ် အကြောင်းပြ၍ နှိပ်ကွပ်ခဲ့မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးမှု အား ကောင်းသည့် ဒေသများ၌ ဧည့်စာရင်းစနစ်ကို လုံးဝပယ်ဖျက်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ် က ပြောသည်။

၎င်းက “ပြည်သူတွေရဲ့ ဆန္ဒအတိုင်းပါပဲ၊ ဧည့်စာရင်းဆိုတာ မရှိသင့်တော့ပါဘူး၊ ဧည့်စာရင်းစနစ်မရှိဘဲနဲ့ နိုင်ငံတခုကို လုံခြုံ အောင်လုပ်နိုင်တဲ့ စနစ်တွေကိုပဲ လိုလားပါတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့အပါအဝင် နိုင်ငံတဝန်း၌ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေကြသော်လည်း လူဦးရေများပြားသည့် နယ်မြေ တချို့၌  မှုခင်းများ၊ ဒုစရိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ဧည့်စာရင်းစနစ်ကို ထားရှိသင့်ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့၏ ဒု-ပြောခွင့်ရသူနှင့် ပြန်ကြားရေးတာဝန်ခံ ရဲမှူးလှဝေ က ဧရာဝတီ ကို ပြောသည်။

ရဲမှူး လှဝေက “ရဲတပ်ဖွဲ့တယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဧည့်စာရင်းမစစ်ရဘူးဆိုတာ မကောင်းဘူးပေါ့ဗျာ၊ ဧည့် စာရင်းဆိုတာက မသင်္ကာရင်တော့ စစ်ရတာပဲလေ၊ ဧည့်စာရင်းစနစ်က ရှိသင့်ပါတယ်”ဟု ဆိုသည်။

ဒုစရိုက်မှု ကျူးလွန်ထားသူများ၊ ခိုးဆိုးလုယက်နေသူများ၊ တခြားနယ်မြေ၌ ပြစ်မှုကျူးလွန်ပြီး၊ တခြားတနေရာသို့ပြောင်း လာသည့် ဧည့်သည်စိမ်းများ၊ ပြစ်မှုကျူးလွန်ထားသူများအား ဧည့်စာရင်းမစစ်ရ ဆိုပါက ကောင်းမွန်သည့်အရာမဟုတ် ဟု ရဲမှူးလှဝေက ပြောသည်။

မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးဖြစ်သူ ဦးအောင်ဝင်း က ပြောရာတွင် ဧည့်စာရင်း စနစ် သည် လုံးဝ မရှိသင့်သည့် အရာမျိုးမဟုတ်ကြောင်း၊ ဧည့်စာရင်းစနစ်ရှိခြင်းဖြင့် ဒုစရိုက်သမားများကို ရှာဖွေရာတွင် အ ထောက်အကူ ဖြစ်စေကြောင်း ဧရာဝတီ ကိုပြောသည်။

ဦးအောင်ဝင်းက “လူကောင်းတွေအတွက်တော့ ဧည့်စာရင်းစနစ်က မလိုအပ်ပေမယ့် ဒုစရိုက်သမားတွေကို ဖမ်းဆီးရှာဖွေ ဖို့ အတွက်တော့ လိုအပ်ပါတယ်” ဟုဆိုသည်။

ဧည့်စာရင်းတိုင်ကြားမှုကို ခေတ်စနစ်နှင့် မကိုက်ညီတော့ဟု ဆိုကာ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့်လူမှုအဖွဲ့အစည်းများ ကလည်း ကန့်ကွက်နေကြသည်။

Loading