စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးသမားများအား ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည့် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းကြောင်း ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်လိုက်သည်။
ထိုဥပဒေ ရုပ်သိမ်းရေးနှင့်ပတ်သက်၍ ဥပဒေကြမ်းကော်မတီက ယခုလ ၁ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်း ခဲ့ခြင်း ဖြစ်ပြီး ကန့်ကွက်ဆွေးနွေးသူများ ရှိခဲ့သည့်အတွက် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ကာ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်း သည့် ဥပဒေကြမ်းကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်း ဥပဒေဖြင့် နှစ်ကြိမ် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံခဲ့ရသူ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က “ဒီဥပဒေ ဖျက်သိမ်းနိုင်တာ ပြည်သူတွေရဲ့ အောင်ပွဲပဲ၊ စစ်အာဏာရှင် အဆက်ဆက်က လူထုကို ဖိနှိပ်ဖို့ သုံးစွဲခဲ့တဲ့ ဥပဒေပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အရေးပေါ်စီမံမှု အက်ဥပဒေအား ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည့် အတွက် အမျိုးသားလွှတ်တော်တွင်လည်း မကြာခင် ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
အရေးပေါ်စီမံမှု အက်ဥပဒေကို လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်များဖြစ်ပွားနေသည့် ကာလတွင် ဝန်ကြီးချုပ် ဦးနု ဦးဆောင် သည့် ဖဆပလ အစိုးရလက်ထက် လွှတ်တော် ကိုယ်စားလှယ်များက ရေးဆွဲခဲ့ကာ ၁၉၅၀ ခုနှစ် မတ်လတွင် အတည်ပြု ပြဌာန်း ခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရ လက်ထက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသည့် နိုင်ငံရေးသမားများအား ဖမ်းဆီးဖိနှိပ်မှု ပြုလုပ်ရာတွင် အရေးပေါ်စီမံမှု အက်ဥပဒေပါ နိုင်ငံတော် လုံခြုံရေး ထိခိုက်စေရန် ကြံရွယ်မှု ပုဒ်မ ၅(ည) ကို အသုံးချခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အများအပြား ထောင်သွင်း အကျဉ်းချ ခံခဲ့ရကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က “ဒီကနေ့ ကျင့်သုံးနေတဲ့ ဥပဒေတွေ ထဲမှာ အရေးပေါ် စီမံမှု အက်ဥပဒေလို နာမည်ဆိုးရှိသော၊ သမိုင်ကြောင်းမကောင်းသော ဥပဒေက လက်တ ဆုပ်စာတောင် မရှိ ပါဘူး။ အရေးပေါ် အခြေအနေအတွက် အခြေခံဥပဒေပါ အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်တွေကို လိုက်နာ ကျင့်သုံး လို့ ရပါတယ် ”ဟု လွှတ်တော်တွင်ပြော ဆိုသည်။
ဥပဒေကြမ်းနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ကာကွယ်ရေးဝန်ကြီးဌာန တို့မှ ကန့်ကွက်ခဲ့ကြပြီး နိုင်ငံတော်လုံခြုံရေး အတွက် ဥပဒေကို ရုပ်သိမ်းခြင်း မပြုဘဲ ပြဌာန်းချက် ပုဒ်မတချို့ကို ပြင်ဆင်သင့်ကြောင်း ထောက်ပြ ဆွေးနွေးခဲ့ကြသည်။
ထိုဥပဒေကဲ့သို့ပင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီး အရေးယူခဲ့သည့် “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအား ရုပ်သိမ်းသည့် ဥပဒေ ကြမ်း”ကိုလည်း ပြည်သူ့ လွှတ်တော်တွင် မကြာခင် တင်သွင်းမည်ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် ဦးဉာဏ်လင်းက ပြောသည်။
စစ်အစိုုးရ လက်ထက် ၁၉၇၅ ခုုနှစ် နိုုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည်ကိုု နေအိမ်အကျယ်ချုပ် ဖမ်းဆီးပြစ်ဒဏ် ချမှတ်ခဲ့သည့် အပြင် တော်လှန်ရေး တက်ကြွလှုပ်ရှားသူများကိုလည်း ဥပဒေပါ ပုဒ်မ ၁၀(က)ဖြင့် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ ဦးဘိုကြည်က ဧရာဝတီသို့ ပြောဆိုထားသည်။
လက်ရှိ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေပါ ဧည့်စာရင်း တိုင်ကြားရ မည့် ပြဌာန်းချက်သည်လည်း နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုများကို ဖိနှိပ်ခဲ့ရာတွင် အဓိကနေရာက ပါဝင်ခဲ့၍ ဖျက်သိမ်း ရမည် ဖြစ်ကြောင်း ဖမ်းဆီး အရေးယူခံခဲ့ရဖူးသည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း ပြောသည်။
လက်ရှိ အစိုးရအဖွဲ့ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ဦးဆောင်သူအားလုံး နီးပါးသည် အရေးပေါ် စီမံမှု အက်ဥပဒေဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရဖူးသူများဖြစ်ပြီး လက်ရှိ NLD လွှတ်တော် ကိုယ်စားလှယ် ဦးရေ ၁၀၀ ကျော် သည်လည်း ထိုဥပဒေများဖြင့် အရေးယူခံခဲ့ရဖူးသူများ ဖြစ်ကြောင်း သိရသည်။